
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့က "ရွှေမိုး" ရွှေဆိုင်မှာ စက်တင်ဘာ ၁၂ ရက်က ဓားပြ တိုက်မှု ဖြစ်ပွားပြီး ရွှေ တပိဿာဝန်းကျင် ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၆ နာရီဝန်းကျင် ရွှေဆိုင်ဖွင့်ချိန်မှာ သေနတ်ကိုင်ဆောင်ထားတဲ့ လူ ၃ ယောက် ရောက်လာပြီး ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။
ဓားပြတိုက်မှုအတွင်းမှာ ဆိုင်ရှင်နဲ့ စည်ပင်ဝန်ထမ်းတို့ သေနတ်နဲ့ ပစ်ခံရတာကြောင့် ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ထားရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
"ဆိုင်ရှင်က လက်မောင်းထိသွားတယ်။ စည်ပင်ဝန်ထမ်း ကောင်လေးက ဝင်ဖမ်းတာ၊ လုံးထွေး နေတုန်း သေနတ်နဲ့ပစ်သွားတာ၊ ခြေတောက်ထိတယ်။ ရွှေက တပိဿာဝန်းကျင်လောက်ပါတယ် ပြောတယ်။ ဓားပြတွေကို မမိသေးဘူး။”
လက်ရှိမှာ ကျူးလွန်သူတွေကို မမိသေးဘဲ ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းပေးထားရတဲ့မြို့လည်း ဖြစ်ပါတယ်။











