DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင်မြန်မာများ တင်လာသည့် ကား ၁၀ စီးကို ပိတ်ဆို့စစ်ဆေး ၁၄၅ ဦး ဖမ်းဆီးခံရ
DVB
·
May 8, 2026
Photo: Matichon
Photo: Matichon
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဖိစနုလုတ်ခရိုင်မှာ မေ ၈ ရက် မနက်ပိုင်းက သံသယရှိတဲ့ ကား ၁၀ စီးပါ ယာဉ်တန်းကို တာဝန်ရှိသူတွေက ပိတ်ဆို့စစ်ဆေးပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄၅ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ မတီချွန်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင်လုပ်သားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင် သတင်းရထား တာကြောင့် ဖိစနုလုတ်ခရိုင် အဝေးပြေးလမ်း တာဝန်ကျရဲတပ်ဖွဲ့၊ လဝကရဲ၊ နယ်မြေခံ အုပ်ချုပ်ရေးဌာနနဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့ညကတည်းက ဖိစနုလုတ် နဲ့ ဥဒရာဒစ်ခရိုင်ကြား အမှတ် ၁၁ အဝေးပြေးလမ်းမကြီးပေါ်မှာ စစ်ဆေးရေးဂိတ်ချပြီး စောင့်ကြပ် စစ်ဆေးနေခဲ့ပါတယ်။

အဲဒီအချိန် ဖရူမ်ဖိလမ်းမြို့နယ်ထဲမှာ ဦးစွာဝင်ရောက်လာတဲ့ ကား ၃ စီးကို စစ်ဆေးပြီး   ကားထဲမှာ ပြည့်သိပ်ပြီး လိုက်ပါလာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၀ ကျော် ဖမ်းဆီးရမိတယ်၊ အဆိုပါကား ဖမ်းဆီးခံရကြောင်း သိရတာကြောင့် အနောက်ကလိုက်လာတဲ့ ကားတွေဟာလည်း တောထဲကိုတချို့၊ လယ်ကွင်းထဲကိုတချို့ ဖရိုဖရဲ ရှောင်တိမ်း ထွက်ပြေးကုန်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တာဝန်ရှိသူတွေက အဆိုပါနေရာတဝိုက်ကို ပိတ်ဆို့ပြီး လူစုခွဲကာ တညလုံး ပိုက်စိပ်တိုက် ရှာဖွေ စစ်ဆေးခဲ့တယ်၊ မေ ၈ ရက် မနက် ၈ နာရီမှာ တရားမဝင် ဝင်ရောက်သူ အယောက် ၁၁၀ ဖမ်းဆီး ရမိပြီး မနက် ၁၀ နာရီခွဲမှာတော့ စုစုပေါင်း ၁၄၅ ယောက်ကို သူတို့စီးလာတဲ့ ကား ၁၀ စီးနဲ့ အတူ ဖမ်းဆီးရမိတယ်၊ အားလုံးဟာ အသက် ၁၈ နှစ်မှ ၂၃ နှစ်ရွယ်ကြား လူငယ်တွေဖြစ်တယ်၊ ၅ ယောက် က ထွက်ပြေး လွတ်မြောက်နေပါတယ်။

စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးရမိသူတွေအားလုံး မြန်မာနိုင်ငံသားတွေဖြစ်ပြီး ချင်းရိုင်းခရိုင် မယ်ဆိုင်တံတားဘက်ကနေ ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။

ယာဉ်မောင်းသူတွေကလည်း မြန်မာနိုင်ငံသားဖြစ်ပြီး ထိုင်းမှာကျင်လည်ကာ ထိုင်းစကား ကျွမ်းကျင်သူတွေ ဖြစ်တယ်၊ သူတို့တွေဟာ အဲဒီလူတွေကို မယ်ဆိုင်ကနေ ဖိစနုလုတ်ကို ပို့ပေးဖို့ အခကြေးငွေ တယောက် ဘတ် ၂၀,၀၀၀ နှုန်းနဲ့ ခေါ်ဆောင်ခဲ့တယ်လို့ ဖွင့်ဟဝန်ခံပါတယ်။

ဖိစုနုလုတ်ကနေတဆင့် ဘန်ကောက်နဲ့ အတွင်းပိုင်းကို ပို့ဆောင်ဖို့တော့ နောက်ထပ် ကား အပြောင်းအလဲ ရှိတယ်၊ တာဝန်ရှိသူတွေက သူတို့အားလုံးနဲ့ ကား ၁၀ စီးလုံးကို ဖရူမ်ဖိလမ်းမြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်ထိန်းသိမ်းထားပြီး ပါဝင်ပတ်သက်တဲ့ ပွဲစားတွေကိုလည်း ဆက်လက်စုံစမ်း ဖမ်းဆီးအရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: Matichon

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013