DVB Logo
Home
Lead Story
လက်မရွံ့တပ်မှူး ခင်ရီ ဘယ်လဲ
DVB
·
March 18, 2026
Photo: USDP
Photo: USDP
Donate to DVB

မင်းအောင်လှိုင်ရဲ့ တသွေးတသံတမိန့်အောက်မှာ လက်မရွံ့တပ်မှူးခင်ရီတယောက် တရားမဝင် လွှတ်တော်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆက်လက်အသုံးတော်ခံဖို့ ရွေးချယ်ခံရပြီ ဖြစ်တယ်။ တရားမဝင်ပြည်သူ့လွှတ်တော်ကို စတင်တဲ့ မတ် ၁၆ ရက်မှာပဲ ယှဉ်ပြိုင်ရွေးချယ်ခံသူမရှိဘဲ လွတ် လွတ်ကျွတ်ကျွတ် ပြိုင်ဘက်မရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရရှိခဲ့တာလည်း ဖြစ်တယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းဆိုရင်လည်း ယှဉ်ပြိုင်ရွေးချယ်ခံသူမရှိတဲ့ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ၊ ပြောရရင် မင်းအောင်လှိုင်က လွှတ်တော်ဥက္ကဋ္ဌလောင်း အဖြစ် ၂ ယောက် အပြိုင်တင်ခိုင်းပြီ  ၂ ယောက်ထဲကမှ တယောက်ကို မဲများလို့ ရွေးချယ်လိုက်တဲ့ပုံစံမျိုး လူမြင်ကောင်းအောင်ဇာတ်ညွှန်းတွေဘာတွေ လုပ်မနေ။ နဂိုကတည်းက ဘယ်သူ့ကို ဘယ်ရာထူး ပေးမယ်ဆိုပြီး မင်းအောင်လှိုင် ပိုင်းဖြတ်ထားတဲ့အတိုင်း တည့်တည့်။ ဝေ့နေဝိုက်နေတာမျိုး မရှိ။ မင်းအောင်လှိုင်ရဲ့ တသွေးတသံတမိန့် လွှတ်တော်သာဖြစ်ကြောင်း အကောင်းဆုံး သက်သေပြချက်လို့ ဆိုရင် မမှား။

ဒါပေမဲ့ ခင်ရီနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဘာဆိုင်လို့တုံးလို့ မေးခွန်းထုတ်စရာတော့ရှိတယ်။ ဘာလို့လဲဆိုတော့ ခင်ရီရဲ့ ရာဇဝင်ကို မြေလှန်လိုက်ရင် ဉာဏ်ကိုလွှာသုံးရပြီး ပညာရှင်ဆန်တဲ့ အလုပ်မျိုး ၅ ပြား၊ ၁၀ ပြားဖိုးမျှပင် မလုပ်ခဲ့ဖူးဘဲ အကြမ်းဖက်လူသတ်ခြင်း အတတ်နဲ့သာ စစ်အာဏာရှင်ခေါင်းပေါင်းကြီးတို့အကြိုက် ပြောင်မြောက်စွာ အမှုတော်ထမ်းခဲ့တာကြောင့်ပါပဲ။

ခင်ရီဟာ စစ်သားဘဝတုန်းက ဗိုလ်မှူးချုပ်ရာထူးအထိ ချီးမြှောက်ခံခဲ့ရဖူးပေမဲ့ ဗိုလ်ချုပ်ရာထူးတွေ တောင် ပေါသီနေတဲ့ စစ်တပ်ထဲမှာ ဗိုလ်မှူးချုပ်ခင်ရီဆိုတာ သူတို့စစ်တပ်ထဲတောင် အမှုမဲ့ အမှတ်မဲ့အဆင့်ပဲ ရှိပါတယ်။ ဒုတိယအာဏာရှင် သန်းရွှေ မြှောက်စားလို့ ရဲချုပ်ဖြစ်လာတော့မှသာ ရဲချုပ်ခင်ရီအဖြစ် လူသိလာခဲ့ခြင်းဖြစ်တယ်။

သန်းရွှေလက်ထက်မှာ ဗိုလ်ချုပ်တွေ ဖောင်းပွနေပြီး ရာထူးရာခံဆိုတာလည်း ထွန်းကြည်တို့ ကျော်ဘတို့ မြင့်အောင်တို့လို မာရေကျောရေရှိတဲ့ စစ်ဗိုလ်ချုပ်တွေတောင် ပြန်လမ်းမရှိ ခုတ်လှဲခံရသေးသလို သန်းရွှေရဲ့ စစ်တုရင်ခုံပေါ်မှာ နေ့မြင်ညပျောက်ရာထူးတွေ သိပ်များနေတာ ခင်ရီမသိဘဲ ဘယ်နေလိမ့်မယ်။ ခင်ရီလို ဗိုလ်မှူးချုပ်ရာထူးဆိုတာ ငမျောက်ငခြောက် အဆင့်၊ ပြီးတော့ စစ်သားပီပီ လာဘ်မစားရ မနေနိုင်သူတွေအတွက် မနက်ဖြန်ဆိုတာ ဘာမှ မသေချာကြောင်းလည်း ကောင်းကောင်း သိခဲ့ပါမယ်။

ဒါ့ကြောင့် ဒုတိယအာဏာရှင်ကြီးရဲ့ မျက်နှာသာပေးမှုခံရဖို့ အလုပ်ကြိုးစားရတယ်။ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် ဘယ်သူ့ကိုမဆို သတ်ဖြတ်ဖို့ ဝန်မလေးကြောင်းလည်း သက်သေပြရတယ်။ အဲဒါကြောင့်လည်း ခင်ရီဟာ စွမ်းအားရှင်ဂိုဏ်းကို ဦးစီးတည်ထောင်ကာ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းပြခဲ့တယ်။

ခင်ရီမွေးခဲ့တဲ့ စွမ်းအားရှင်တွေရဲ့ သမိုင်းဆိုးမှာ အကြမ်းဖက်မှုတွေက ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် ဒီပဲယင်းမြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်မှု။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် လုပ်ကြံဖို့ ကာယကံမြောက် အစီအစဉ်မှာ ခင်ရီလက်ရာ မကင်းခဲ့တာ သေချာပါတယ်။

ပြီးတော့ ၂၀၀၇ ရွှေရောင်ဝါတော်လှန်းရေး အကြမ်းဖက်ဖြိုခွင်းရာမှာလည်း ခင်ရီပျိုးထောင်ခဲ့တဲ့ စွမ်းအားရှင်တွေကပဲ ဂုဏ်ထူးထွက်ခဲ့တာမို့ ရဲချုပ်ခင်ရီလို့ဆိုလိုက်ရင် စွမ်းအားရှင်ဆိုတဲ့အမည်နဲ့ပါ ပြည်သူတို့ အော့နှလုံးနာနာနဲ့ တွဲသိခဲ့ကြတယ်။

ဒုတိယအာဏာရှင်သန်းရွှေအတွက်ကတော့ ခင်ရီဆိုတာ ခိုင်းတာမှန်သမျှ မေးခွန်း ပြန်မထုတ်ရုံတင်မက ခိုင်းတာထက်တောင် ပိုရက်စက်ရဲတဲ့ သားသတ်သမားအဖြစ် မှတ်သားခဲ့ပုံရတယ်။ ဒါ့ကြောင့်လည်း ၂၀၁၀ ရွေးကောက်ပွဲမလုပ်ခင်ကတည်းက သန်းရွှေ ဖွဲ့နှင့်ပြီးသား ကြံ့ဖွံ့အစိုးရမှာ ခင်ရီဟာ လဝကဝန်ကြီးအဖြစ် သူကောင်းပြုခံခဲ့ရတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ခွက်ခွက်လန်ရှုံးတော့ ခင်ရီလည်း အာဏာဘုံပျောက်ခဲ့တယ်။ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မြောင်းမြနဲ့ ဆိပ်ကြီးခနောင်တိုကနေ ဝင်ရောက်ယှဉ်ပြိုင်ကာ NLD အမတ်တွေကို ခေါင်းဖော်မကြည့်ဝံ့အောင် ရှုံးနိမ့်ခဲ့တာကလည်း ခင်ရီအတွက်တော့ မှန်ကြည့်လိုက်တိုင်း မျက်နှာပေါ် ထင်းကျန်နေတဲ့ ဓားထစ်ရာတွေပါပဲ။

စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ သန်းရွှေလက်ထက် ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ခင်ရီဟာ NLD အစိုးရလက်ထက်ကျတော့ တိုင်းပြည်ဖွံ့ဖြိုးမှု ရှေ့တလှမ်းမတိုးစေရေးအတွက် အမျိုးဘာသာယောင်ယောင်တွေကို စုစည်းကာ စစ်တပ်ထောက်ခံ ဆန္ဒပြပွဲတွေနဲ့ ခြေထိုးခံခဲ့ပြန်တယ်။ ကြံ့ဖွံ့အစိုးရ သမ္မတရုံးဝန်ကြီး စိုးသိန်းရဲ့ စာအုပ်ထဲမှာ တပ်ထောက်ခံပွဲတွေကို ၂၀၂၁ အာဏာမသိမ်းခင် ၁၁ ပွဲနဲ့ အာဏာသိမ်းပြီးနောက် ၁၁ ပွဲ ခင်ရီ စီစဉ်ခဲ့တယ်လို့ ဆိုတယ်။

NLD အစိုးရလက်ထက် ခင်ရီစီစဉ်ခဲ့တဲ့ ခြေထိုးခံပွဲတွေကို မင်းအောင်လှိုင် မျက်စိကျနိုင်သလို ၂၀၂၀ ရွေးကောက်ပွဲမနိုင်ရင် အာဏာသိမ်းဖို့ မင်းအောင်လှိုင်ကို ရဲဆေးတင်ပေးတဲ့သူတွေထဲမှာ ခင်ရီကလည်း ထိပ်ဆုံးက ပါဝင်ခဲ့တယ်။

အဲဒါတွေကြောင့်လည်း ခိုင်းကောင်းမဲ့ ကျွန်ကောင်းတယောက်အဖြစ် မင်းအောင်လှိုင်ရဲ့ ယုံကြည် စိတ်ချမှုရရှိကာ အာဏာသိမ်းစစ်ကောင်စီမှာ လဝကဝန်ကြီး။ ၂၀၂၂ မှာ အချိုးမပြေတဲ့ သန်းဌေးကို ဖယ်ရှားဖို့ လဝကဝန်ကြီးကနေ အနားယူစေကာ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌသစ်။ အဲဒါတွေဟာ မင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချမှုအရ မင်းအောင်လှိုင်ရဲ့ လက်ညှိုးညွှန်ရာအတိုင်း အခုအခါ တရားမဝင်လွှတ်တော်ရဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ်။

အခုဆိုရင် ခင်ရီဟာတချိန်က သူရဦးရွှေမန်းရခဲ့သလို ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ တင်မက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးကိုပါ တပြိုင်နက် ရရှိထားသူပါ။ တချိန်က သူရဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထိုင်ခုံ ကနေ သမ္မတသိန်းစိန်ရဲ့ အာဏာကို လှမ်းကျပ်ခဲ့တာနဲ့ ပါတီဥက္ကဋ္ဌ လုပ်ပိုင်ခွင့်ကို အကောင်းဆုံးအသုံးချကာ  ကြံ့ဖွံ့ပါတီကို စစ်အုပ်စုဝင်အဖြစ်ကနေ စွန့်ခွာဖို့ ကြိုးစားခဲ့တာ မင်းအောင်လှိုင်မမေ့ပါဘူး။ ဆိုလိုတာက ခင်ရီအပေါ် မင်းအောင်လှိုင် ယုံကြည်မှုမရှိဘဲ အရေးကြီးတဲ့ ရာထူး ၂ ခုကို ပုံမပေးထားရဲပါဘူး။

နိုင်ငံရေးအကဲခတ်တချို့ရဲ့ အမြင်လို ပါတီဥက္ကဋ္ဌခင်ရီ သမ္မတရာထူးမရတာနဲ့ တရားမဝင်အစိုးရနဲ့ လွှတ်တော်မှာ သန္ဓေကြံ့ဖွံ့တွေ နေရာရမှုနည်းပြီး မင်းအောင်လှိုင်အလိုကျ အခုမှ ဘောင်းဘီချွတ်လာတဲ့သူတွေသာ မောင်ပိုင်စီးမဲ့အပေါ် မကျေနပ်မှုတွေ ရှိနိုင်ပေမဲ့ ပုန်ကန်စရာအ ကြောင်းမရှိပါဘူး။

ခင်ရီဟာ မင်းအောင်လှိုင်ထက် စစ်တက္ကသိုလ်အပတ်စဉ် ၂ ခုစောပေမဲ့ ဗိုလ်မှူးချုပ်ရာထူးသာ ရခဲ့တဲ့ သူမို့ သေနတ်ကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးတွေကို ရိုကျိုးရမယ်ဆိုတာ သွေးထဲသားထဲက သိရှိပြီးသားပါပဲ။

မင်းအောင်လှိုင်အာဏာပိုင်စိုးထားသရွေ့ သမ္မတရာထူးဆိုတာကို ခင်ရီ စိတ်နဲ့တောင် မပြစ်မှားဝံ့ပါဘူး။ အငြိမ်းစား ဗိုလ်မှူးချုပ်တယောက်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဆိုတာ ရခဲလှတဲ့ဘဝဖြစ်ကြောင်း ခင်ရီကောင်းကောင်း သိပါတယ်။ ဆိုလိုတာက အနိုင်ရပါတီဥက္ကဋ္ဌ သမ္မတအာဏာ မရတာကြောင့် မင်းအောင်လှိုင် နောက်ကွယ်မှာ ခင်ရီတယောက် လက်သီးကို ကျစ်ကျစ်ပါ ဆုပ်ထားမလားဆိုတာ အကဲခတ်တချို့ရဲ့ အတွေးခေါင်မှုလို့ပဲ နားလည်ရပါမယ်။

ခင်ရီဆိုတာ ကျွန်ကောင်းတယောက်သာ ဖြစ်ပါတယ်။ တရားမဝင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ခင်ရီဆီကနေ မျှော်လင့်ရမှာက မင်းအောင်လှိုင်အလိုကျ မင်းအောင်လှိုင် သက်ဆိုးရှည်ရေး ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ပါပဲ။ 

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013