
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စက်တင်ဘာ ၁၉ ရက် မနေ့ည ၉ နာရီကျော်က တောင်ပေါ်ကနေ ကျောက်တုံးကြီး လိမ့်ဆင်းကျတာကြောင့် အဆောက်အအုံနဲ့ ကားတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးသည်းသည်းထန်ထန်ရွာပြီး တောင်စောင်းမြေသားတွေ လျော့ကျလာတာကြောင့် တောင်ပေါ်ကနေ ကျောက်တုံးကြီး လိမ့်ဆင်းလာတာလို့ သိရပါတယ်။
ဒေသခံတယောက်က “မြို့ရှောင်လမ်း BOC ဆီဆိုင်နားက လူနေရပ်ကွက်ထဲကို ဝင်လာတာ။ လမ်းကြောင်းတလျှောက်မှာရှိတဲ့ ရပ်ထားတဲ့ကားတွေ ပျက်စီးတာရှိတယ်။ ညပိုင်းအချိန်ဆိုတော့ ကျောက်တုံးပိသွားတဲ့ သတ္တုတွင်းရုံး အဆောက်အအုံနဲ့ ကားတွေတော့ ပျက်စီးတာရှိတယ်။ လူထိခိုက်တာတော့ မရှိဘူး” လို့ DVB ကိုပြောပါတယ်။
မီးသတ်တပ်ဖွဲ့ကလည်း တောင်ကြီးမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်ကြီး-ဟိုပုံးသွားလမ်း ရှမ်းပြည်နယ် သတ္တုတွင်းဦးစီးဌာနရုံး အနောက်ဘက်တောင်ပေါ်ကနေ အလျား ၄၁ ပေ၊ အနံ ပေ ၂၀၊ အမြင့် ၁၂ ပေ အရွယ်အစားရှိ ကျောက်တုံးဟာ မြေသားတွေ အိကျပြီး လိမ့်ကျမှုဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ပြိုကျလာတဲ့ ကျောက်တုံးကြီးကြောင့် လမ်းမပေါ်မှာ ပိတ်ဆို့ခဲ့ပြီး တောင်ကြီး-ဟိုပုံးလမ်းပိုင်းကို ယာယီပိတ်လိုက်ရတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့နှစ်ကလည်း ကားကြီးဝင်းထဲကို တောင်ပေါ်ကနေ ကျောက်တုံးကြီး ပြိုကျခဲ့ပါတယ်။











