
ပဲခူးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင် ၂ ယောက် ဇွန် ၁၄ ရက်က လက်နက်မဲ့ အလင်းဝင်ရောက်လာကြတယ်လို့ COBRA ONE တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ တပ်က သန္ဓေတပ်သား ၁ ယောက်နဲ့ ပြည်သူ့စစ် ၁ ယောက်တို့ အလင်းဝင်လာကြတာပါ။ လက်နက်တွေတော့ ပါမလာကြပါဘူး” လို့ ပြောပါတယ်။
လက်နက်မဲ့ အလင်းဝင်ရောက်လာကြသူတွေဟာ ကိုယ်ပိုင်အမှတ် တ/၆၀၂၂၈၆ တပ်သား မြင့်သူအောင် နဲ့ ကိုယ်ပိုင်အမှတ် - ပစ/၂၀၉၃၄၁ အောင်ဖြိုးသူတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
COBRA ONE တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မြွေဟောက်က “သန္ဓေတပ်သား မြင့်သူအောင်ရဲ့ ဇာတိကတော့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်ကပါ။ သူ့အပတ်စဥ်က တပ်တွင်းခေါ်တာတော့ ၇/၂၀၂၅ တဲ့။ ပစ အောင်ဖြိုးသူ ကတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ဇာတိဖြစ်ပြီးတော့ အိမ်ထဲအထိ ဝင်ဆွဲတာ ခံခဲ့ရသူပါ။ အခုနှစ်ထဲမှာ အဆွဲခံရတာဖြစ်ပြီးတော့ စစ်မှုထမ်း အပတ်စဉ် ၂၃ ကို ပုသိမ်မှာ တက်ခဲ့ရသူပါ။ သူတို့ ၂ ယောက်လုံးက ခလရ ၂၃၅ တပ်ထဲမှာ တာဝန်ကျနေကြတာဖြစ်ပြီးတော့ သိပ်မကြာခင် ရခိုင်ကို စစ်ကူပို့မယ့်အထဲမှာ သူတို့ကို ထည့်မယ်ဆိုတာသိလို့ ကျနော်တို့ဆီကို ချိတ်ဆက်ပြီး အလင်းဝင်လာကြတာပါ” လို့ DVB ကို ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေကို ချုပ်နှောင်ထားတာမရှိတဲ့အပြင် သူတို့ရဲ့ မိသားစုတွေနဲ့ဆက်သွယ်ကာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၈ ရက်ကလည်း ပခုက္ကူအခြေစိုက်တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်က ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ ပစ/၂၀၃၁၈၆ ပြည့်စုံ ဟာလည်း COBRA ONE လက်နက်ကြီးတပ်ဖွဲ့ဆီကို လက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ပါသေးတယ်။
စစ်တပ်လက်အောက်မှာ ကျန်ရှိနေကြသူတွေအနေနဲ့လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံးချိတ်ဆက် အလင်းဝင်ရောက်ကြဖို့ COBRA ONE လက်နက်ကြီးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။










