
မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာ ဘုန်းမောက်အသင်းနဲ့ပွဲမှာ အနီကတ်ပြခံရပြီးနောက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ရဲ့ စွဲချက်တင်တာကို ခံလိုက်ရပါတယ်။
ပြီးခဲ့တဲ့လက ဘုန်းမောက်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ မက်ဂွိုင်းယားဟာ ပွဲချိန် ၇၈ မိနစ်မှာ အီဗန်နေးလ်ဆင်ကို ဖျက်ထုတ်မိလို့ ပယ်နယ်တီပေးခဲ့ရသလို တိုက်ရိုက်အနီကတ်နဲ့ပါ အထုတ်ခံခဲ့ ရတာပါ။
အဲဒီလို ထုတ်ပယ်ခံရပြီးနောက်မှာ မက်ဂွိုင်းယားဟာ စတုတ္ထဒိုင်လူကြီးကို မသင့်လျော်တဲ့ အပြုအမူ နဲ့ သွားရောက်ပြောဆိုခဲ့တယ်လို့ FA က စွပ်စွဲထားပါတယ်။
ဒီစွဲချက်အတွက် မက်ဂွိုင်းယား အနေနဲ့ ကြာသပတေးနေ့ နောက်ဆုံးထားပြီး တုံ့ပြန်ရမှာ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်က ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့တော့ မန်ချက်စတာယူနိုက်တက် အသင်းက ဒိုင်လူကြီးများအဖွဲ့ အကြီးအကဲဆီကို တရားဝင် တိုင်ကြားထားတယ်လို့ သိရပါတယ်။










