
ရုရှားက မြောက်ကိုရီးယားထုတ် ပဲ့ထိန်းဒုံးကျည်တွေသုံးပြီး ဩဂုတ် ၁၀ ရက် ညကနေ ၁၁ ရက် မနက်အစောပိုင်းအထိ ယူကရိန်းကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက စွပ်စွဲလိုက်ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၁၂ ယောက် သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အရှေ့တောင်ပိုင်း ဇာပိုရီရှားမြို့ကို ဒုံးကျည်နဲ့ လေကြောင်းဗုံးတွေ ပစ်ခတ်ခဲ့ရာမှာ ၆ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး အီဗန် ဖီဒိုရော့ဗ်က ပြောပါတယ်။
ဇာပိုရီရှားကို မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်၊ ဇာကွန်ဒုံးကျည်နဲ့ လမ်းညွှန်လေကြောင်းဗုံးတွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ဒီနီပရိုပက်ထရော့ဗ်စ်နဲ့ ဒွန်နက်စ်ဒေသတွေမှာလည်း နောက်ထပ် ၆ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။
မြို့တော် ကိယက်ဗ်မှာ ဂိုဒေါင်တွေ မီးလောင်ပြီး တယောက် ဒဏ်ရာရသလို ဆေးရုံတရုံလည်း ထိခိုက်ခဲ့ပြီး ခါဆွန်နဲ့ ခါကိဗ်ဒေသတွေမှာ ဓာတ်အားခွဲရုံတွေ ထိခိုက်တာကြောင့် မီးပြတ် တောက်ခဲ့ပါတယ်။
ရုရှားဟာ ဒရုန်း အစင်း ၁၂၀ နဲ့ ဒုံးကျည်အမျိုးမျိုး ပစ်လွှတ်ခဲ့တယ်လို့ ဆိုပေမဲ့ ဒုံးကျည်နဲ့ ကြားဖြတ် ဖျက်ဆီးမှု အရေအတွက်တွေကို မထုတ်ပြန်ခဲ့ပါဘူး။
ပိတ်ဆို့အရေးယူမှုတွေနဲ့ လေကြောင်းကာကွယ်ရေးအကူအညီ တိုးပေးဖို့ ယူကရိန်းသမ္မတက တောင်းဆိုပါတယ်။
ရုရှားကတော့ ကိယက်ဗ်နဲ့ ဇာပိုရီရှားက စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေးစခန်း တွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ယူကရိန်းဒရုန်း ၃၉၆ စင်းကို ရုရှားဒေသ ၁၅ ခုမှာ ကြားဖြတ် ဖျက်ဆီးခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ဗိုရိုနက်ရှ်ဒေသမှာ ကြားဖြတ်ပစ်ချခဲ့တဲ့ ယူကရိန်းဒရုန်းအပိုင်းအစတွေ ကျရောက်တာကြောင့် ရုရှားရဲ့ အကြီးဆုံး အွန်လိုင်းလက်လီကုမ္ပဏီ ဝိုင်လ်ဘယ်ရီစ် ဂိုဒေါင်မှာ မီးလောင်ပြီး တယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရုရှားဘက်က ထုတ်ပြန်ထားပါတယ်။
Source:Reuters










