
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတ နေရာယူလိုက်ပြီးနောက်ပိုင်း တရားဝင်အစိုးရ ဖြစ်လာအောင် လုပ်ဆောင်မဲ့ ဘယ်လိုခြေလှမ်းမျိုးကိုမဆို အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လုံးဝ လက်မခံဖို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။
စစ်တပ်က ထိန်းချုပ်ထားတဲ့ အတုအယောင် လုပ်ငန်းစဉ်တွေကနေ တက်လာတဲ့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အုပ်စုဟာ အခုရော၊ နောင်မှာပါ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားမဲ့ အရိပ်အယောင် ဘာတခုမှ မပြပါဘူး။ ဒါဟာ စစ်တပ်က ကိုယ့်ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတာတွေကို ဆက်လုပ်နေရင်းနဲ့ပဲ အရပ်သားအစိုးရဆိုတဲ့ မျက်နှာဖုံးစွပ်ပြီး စစ်အာဏာရှင်စနစ်ကို အသွင်ပြောင်းဖို့ တမင်ကြံစည်နေတာပဲ ဖြစ်တယ်လို့ APHR ရဲ့ ဧပြီ ၁၂ ရက် ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ လုံးဝပျက်ကွက်နေတဲ့ စစ်အာဏာရှင်နဲ့ ဆက်လက်ထိတွေ့ဆက်ဆံတာဟာ စစ်တပ်ကို အားပေးရာရောက်ပြီး အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ APHR က အလေးပေးပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်အနေနဲ့ စစ်အာဏာရှင်ကို တရားဝင်အဖြစ် အသိအမှတ်ပြုမဲ့ လုပ်ရပ်တွေကို ရှောင်ရှားပြီး ချဉ်းကပ်ပုံကို ချက်ချင်းပြောင်းလဲဖို့ APHR က တောင်းဆိုလိုက်ပါတယ်။
အာဆီယံအနေနဲ့ စစ်အာဏာရှင်ကို ဆက်ဆံမဲ့အစား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဦးဆောင်ကောင်စီ (SCEF) အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ကို အာဆီယံလွှတ်တော်အမတ်များအဖွဲ့က တောင်းဆို လိုက်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ်မှာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ထံကနေ အဓမ္မအာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၅ နှစ်ကုန်ပိုင်းမှာ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီးနောက် စစ်အုပ်စုရဲ့ ထောက်ခံမှုနဲ့ ဧပြီ ၁၀ ရက်မှာ သမ္မတ ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အင်အားကြီးနိုင်ငံတွေက အသိအမှတ်ပြု ဆက်ဆံတာ မျိုးမရှိဘဲ အိမ်နီးချင်းတရုတ်နိုင်ငံကတော့ စစ်ခေါင်းဆောင်ကို သမ္မတအဖြစ် အသိအမှတ်ပြု ဆက်ဆံတာတွေ ပြုလုပ်ခဲ့ပါတယ်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ဒုဝန်ကြီးကလည်း နေပြည်တော်မှာ စစ်အာဏာရှင်နဲ့ တွေ့ဆုံခဲ့ပြီး သမ္မတရာထူးရယူတာကို ဝမ်းမြောက်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ သဝဏ်လွှာကို ပေးအပ်ခဲ့ပါတယ်။ အလားတူပဲ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်ဟာ စစ်ခေါင်းဆောင်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။
စစ်အာဏာရှင်က သမ္မတရာထူးရယူလိုက်တာကို အိမ်နီးချင်းတရုတ်နိုင်ငံက ထောက်ခံ အားပေးနေတာကြောင့် ဒေသတွင်း ခွန်အားမျှခြေကိုထိန်းနိုင်ဖို့ အိန္ဒိယနိုင်ငံဟာလည်း မလွှဲမရှောင်သာ စစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ဆက်ဆံလာရတာ ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
လော့စ်အိန်ဂျယ်လိစ်(မြန်မာ)လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “စစ်တပ်မှာ စိတ်ဓာတ်စစ်ဆင်ရေး ကျွမ်းကျင်တဲ့သူတွေ ရှိပါတယ်။ ဒီသတင်းတွေကြောင့် စိတ်ဓာတ်ကျမသွားဘဲ ကျနော်တို့က ကိုယ် လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်သွားရမှာဖြစ်ပါတယိ” လို့ မှတ်ချက်ပေးပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေးအတွက် ပြည်သူတွေဘက်က ရပ်တည်ပြီး ဆက်လက်ထောက်ခံကူညီဖို့ အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထားဆဲ ဖြစ်တယ်လို့ မြန်မာ့နှစ်သစ်ကူးသင်္ကြန် ဆုတောင်းမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်သူတွေရဲ့ ခုခံနိုင်စွမ်းနဲ့ သတ္တိကို အသိအမှတ်ပြုထားပြီး အသစ်တဖန် ပေါ်ထွန်းလာတဲ့ မျှော်လင့်ချက်တို့ ပြည့်ဝပါစေလို့ မာကိုရူဘီယိုက သူ့ရဲ့ဆုတောင်းမှာ ဖော်ပြပါတယ်။
အမေရိကန်ဝန်ကြီးရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လော့စ်အိန်ဂျယ်လိစ်(မြန်မာ)လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “မာကိုရူဘီယိုရဲ့ နှစ်သစ်ကူးဆုတောင်းမှာ တိုက်ရိုက်မဟုတ်ပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ တွေ့ရပါတယ်။ နောက်ပြီး သူ့ရဲ့စာဟာ မြန်မာပြည်သူတွေအတွက် အဓိကရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်။ “The United States remains committed to supporting an end to the crisis” လို့ စာမှာ ဖော်ပြထားတာဟာ မြန်မာ့အရေးကို မမေ့လျော့ဘဲ နိုင်ငံရေး၊ လူသားချင်းစာနာမှုနဲ့ နိုင်ငံတကာ ဖိအားပေးတဲ့ဘက်ကနေ ရှေ့ဆက်သွားမယ်ဆိုတာကို ရည်ညွှန်းတယ်လို့ ကျနော်ကတော့ ဒီလိုပဲ နားလည်ပါတယ်”လို့ မှတ်ချက်ပေးပါတယ်။










