
ယူကရိန်း ကျောင်းဖွင့်ရာသီ မစခင်မှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းက ပုံနှိပ်စက်နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ပြီး စာအုပ် ၁၂ သန်းအထိ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကိယက်ဗ်မြို့အနီးက ပုံနှိပ်စက်ရုံတခုဟာ ရုရှားဒုံးကျည်နဲ့ တိုက်ခိုက်ခံရပြီး ယူကရိန်း ကျောင်းသုံးစာအုပ် ၁၀ ရာခိုင်နှုန်းဝန်းကျင် ဖြစ်တဲ့စာအုပ် ၁ ဒသမ ၃ သန်း ထုတ်လုပ်မဲ့အစီအစဉ် ပျက်စီးသွားပါတယ်။
မကြာသေးခင် ရက်သတ္တပတ်တွေမှာပဲ ယူကရိန်းက ထုတ်ဝေရေးနဲ့ ပုံနှိပ်လုပ်ငန်းနေရာ ၃၅ ခုကျော် တိုက်ခိုက်ခံထားရပါတယ်။
ယူကရိန်းမီဒီယာတွေကတော့ ဒီနှစ် နိုင်ငံမှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်အားလုံးရဲ့ ၃ ပုံ တပုံလောက် ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။
Konvi ထုတ်ဝေရေးလုပ်ငန်း တာဝန်ရှိသူ ဗစ်တိုးရီးယား ဟိုင်ဒိုင်က ဒီတိုက်ခိုက်မှုတွေဟာ “ယူကရိန်းကို နိုင်ငံတနိုင်ငံအဖြစ် ဖျောက်ဖျက်ဖို့ ကြိုးပမ်းတာ” လို့ စွပ်စွဲပါတယ်။
စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းတွေသာမက စာကြည့်တိုက်၊ ပြတိုက်၊ အနုပညာပြခန်း၊ ရုပ်ရှင်စတူဒီယိုနဲ့ အော်ပရာရုံတွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ Kyiv-Pechersk Lavra ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းလည်း ဒရုန်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံအစိတ်အပိုင်းတွေ ပျက်စီးခဲ့ပါတယ်။
ယူကရိန်းယဉ်ကျေးမှုဝန်ကြီးက ရုရှားဟာ ယူကရိန်းရဲ့ သမိုင်းနဲ့ ကိုယ်ပိုင်အမှတ်အသားတွေကို ဖျက်ဆီးဖို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ရည်ရွယ်တိုက်ခိုက်နေတယ်လို့ စွပ်စွဲပါတယ်။
ရုရှားဘက်ကတော့ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်တိုက်ခိုက်တာ မရှိဘူးလို့ ထပ်မံငြင်းဆိုထားပြီး ယဉ်ကျေးမှုနေရာတချို့ကို စစ်ရေးအတွက် အသုံးပြုထားတယ်လို့ စွပ်စွဲထားပါတယ်။











