DVB Logo
Home
မြန်မာသတင်း
မိုးကြက်သွန်နီရိတ်သိမ်းကာလ ကြက်သွန်နီဈေး အဆမတန်မြင့်တက်နေ 
သီရိ
·
November 17, 2026
Photo: CJ
Photo: CJ
Donate to DVB

မိုးကြက်သွန်နီပေါ်တဲ့ အခုကာလ နိုင်ငံအနှံ့မှာ ကြက်သွန်နီအဟောင်း ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ရောင်းချသူတွေက ပြောပါတယ်။ 

နေရာဒေသကို လိုက်ပြီး ရပ်ကွက်လက်လီဈေးကွက်မှာ ကြက်သွန်နီ အဟောင်း တပိဿာကို ကျပ် ၂၀,၀၀၀ ကနေ ၂၅,၀၀၀ အထိ ပေးနေရတယ်လို့ ဆိုပါတယ်။ 

လက်ကားဈေးကွက်မှာတော့ ကြက်သွန်နီအဟောင်းတပိဿာကို ၁၄,၀၀၀ ကနေ ၁၉,၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေပြီး ကြက်သွန်နီအသစ် တပိဿာကိုတော့ ကျပ် ၈,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီလိုကြက်သွန်နီဈေးတွေ အဆမတန်မြင့်တက်လာတာကြောင့် ဝယ်လိုအားနည်းပါးလာပြီး မဖြစ်မနေ အသုံးပြုရမဲ့ စားသောက်ဆိုင်နဲ့ အလှူမင်္ဂလာပွဲတွေမှာ အသုံးပြုရမဲ့သူတွေသာ အဓိကဝယ်ယူတဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ဒီအခြေအနေကြောင့် ဈေးကွက်ထဲမှာ ကြက်သွန်နီဝယ်လိုအားလည်း သိသိသာသာ လျော့နည်းလာတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။ 

ကြက်သွန်နီဈေး အဆမတန်မြင့်တက်နေတာဟာ ကုန်သည်ကြီးတွေက ငွေအမြောက်အမြားသုံးကာ ကုန်ချိန်အမြောက်အမြားလှောင်ထားပြီး ရှားပါးချိန်မှာ ဈေးတင်ထုတ်ရောင်းတာကြောင့် ဖြစ်တယ်လို့ ပွဲရုံလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ 

“တက်တာက တက်နေတာပဲ၊ ပစ္စည်းကတော့ မရှိဘူး၊ ဈေးတန်းပဲရှိနေတာ ဂိုထောင်ထဲရှိတာလေး နည်းနည်းပါးပါးလေးပဲ ထိန်းပြီး ရောင်းနေရတာလေ။ တကယ်တမ်းက တောင်သူတွေဆီမှာလည်း မရှိတော့ဘူး။ ဒါက ကုန်သည်ကြီးတွေ လုပ်နေတာ၊ တကယ့်ဟဲဗီးသမားတွေ ကုန်သည်အကြီးကြီးတွေ ရှိတယ်လေ။ သူတို့ထဲမှာပဲ ရှိနေတာပဲ ကြက်သွန်တွေက။ သူတို့က ငွေရင်းနိုင်တာကို၊ ငွေရင်းနိုင်တော့ ထားထားတဲ့ဟာတွေလေ အဲ့ကနေမှ ထုတ်ရောင်းနေကြတာလေ။ အခုက လက်လီကမလိုက်ဘူး၊ မဖြစ်မနေ ရက်ရွေးပြီးသားသူတွေ လုပ်ရမဲ့သူတွေက ဒီဟင်းထဲမှာ ဒါမထည့်လို့ မဖြစ်ဘူးလေ၊ အဲ့လိုဝယ်တဲ့သူပဲရှိတာ။ အများကြီးလှောင်တဲ့သူက အရင်ကဆို ကားအစီးလိုက်ဝယ်တဲ့သူ အဲ့လိုလည်းမရှိတော့ဘူး အရင်းနှီးတအားကြီးသွားပြီလေ။” 

ကြက်သွန်နီအသစ် ရိတ်သိမ်းရမဲ့ အခုကာလမှာလည်း မိုးရွာသွန်းမှု များတာကြောင့် အချိန်မီ မရိတ်သိမ်းနိုင်လို့ ဈေးကွက်ထဲမှာ ကြက်သွန်နီအသစ်လည်း ရှားပါးနေပါတယ်။ 

အခုချိန်ဟာ မိုးကြက်သွန်ဖော်တဲ့ ကာလဖြစ်ပေမဲ့ ကြက်သွန်အသစ်တွေဟာ မိုးမိသွားတဲ့အတွက် အထွက်နှုန်းမကောင်းတော့သလို တူးလို့ရတဲ့ ကြက်သွန်ကလည်း မိုးကြောင့် အထားမခံတော့တဲ့အတွက် ဈေးကွက်ထဲ ရောက်မလာကြဘူးလို့ဆိုပါတယ်။ 

ဒါကလည်း ကြက်သွန်အဟောင်းတွေကို မတန်တဆဈေးတက်လာစေတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ကြက်သွန်စိုက် တောင်သူတယောက်က ပြောပါတယ်။ 

“ကျနော်တို့က ဒီကြက်သွန်တွေကို ဖော်တဲ့အချိန် ပြီးခဲ့တဲ့လတွေတုန်းကလည်း မိုးတွေကလည်း အရမ်းရွာနေတော့ ကြက်သွန်စိုက်ခင်းတွေက အကုန်ပျက်စီးသွားတာပေါ့၊ ပျိုးပင်တွေပါ ပျက်စီးတာ။ အမှန်ဆို ဒီအချိန်က ကျနော်တို့ ကြက်သွန်ဖော်ရတဲ့အချိန်မှာ အဲ့လိုမျိုးတွေ ပျက်စီးကုန်တော့ ကျနော်တို့လည်း ဘာမှလုပ်မရဘူးဖြစ်နေတာ။ ကြက်သွန်အဟောင်းတွေကလည်း ရာသီကုန်ခါနီးဖြစ်နေပြီ၊ လှောင်တဲ့သူတွေဆီမှာလည်း ပစ္စည်းကလည်း နည်းနေတော့ ကြက်သွန်အသစ်ကလည်း ဈေးကွက်ထဲမရောက်လာဘူး၊ အဲ့တော့ ကြက်သွန်ဈေးကတော့ အဆမတန်မြင့်တက်နေတယ်။” 

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ရေကြီးခြင်းတာကြောင့် ကြက်သွန်နီ အဓိက စိုက်ပျိုးတဲ့ ပခုက္ကူ၊ မုံရွာဒေသတွေမှာ ကြက်သွန်စိုက်ခင်းတွေနဲ့ ပျိုးခင်းတွေ ပျက်စီးဆုံးရှုံးခဲ့တာတွေကြောင့်လည်း ကြက်သွန်နီဈေးတက်ရတာလို့ တောင်သူတွေက ပြောပါတယ်။ 

မိုးကြက်သွန်အသစ်တွေ ဈေးကွက်ထဲကို လှိုင်လှိုင်ဝင်ရောက်လာမဲ့ ဒီဇင်ဘာလဆန်းပိုင်း ရောက်ရင်တော့ ကြက်သွန်နီ ဈေးနှုန်းတွေ ပြန်လည်ကျဆင်းနိုင်မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013