DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် မိုးရာသီ ရေကြောင်းအန္တရာယ်ကြောင့် စက်လှေမှောက်ပြီး အသက်ဆုံးရှုံးမှု များပြားနေ
DVB
·
June 17, 2026
ရခိုင်တွင် မိုးရာသီ ရေကြောင်းအန္တရာယ်ကြောင့် စက်လှေမှောက်ပြီး အသက်ဆုံးရှုံးမှု များပြားနေ
1 / 5
Photo: DVB
Donate to DVB

မိုးရာသီကာလ ရောက်ရှိလာတာနဲ့အမျှ မြစ်ချောင်းအင်းအိုင် ပေါများပြီး ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်တဲ့ ရခိုင်ဒေသမှာ ရေကြောင်းခရီးသွားလာမှုတွေဟာ အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

မိုးသက်လေပြင်းနဲ့ ရေစီးသန်တဲ့ မြစ်ကြောင်းတွေကြောင့် နှစ်စဉ် စက်လှေတိမ်းမှောက်မှုတွေ ဖြစ်ပွားပြီး အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပထဝီအနေအထားအရ ရခိုင်ဒေသဟာ ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်တဲ့အတွက် ဒေသခံတွေဟာ ကျန်းမာရေး၊ ပညာရေးနဲ့ ကုန်စည်ကူးသန်းမှုအတွက် ရေလမ်းကြောင်းကိုသာ အဓိက အားထားနေရတာ ဖြစ်ပါတယ်။

မိုးရာသီရောက်လာပြီ ဆိုရင်တော့ ကုန်းလမ်းခရီးထက် ရေလမ်းခရီးကို ၈၀ ရာခိုင်နှုန်းကျော်အထိ ပိုမိုအသုံးပြုလာကြရပါတယ်။

နှစ်စဉ် မိုးရာသီကာလအတွင်း မိုးကြီးတာ၊ တောင်ကျရေစီးသန်တာနဲ့ လေပြင်းတိုက်ခတ်တာတွေကြောင့် ရေကြောင်းခရီးသွားလာမှုဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာကနေ ကျောက်တော်ဘက်ကို ထွက်ခွာလာတဲ့ ခရီးသည်တင်စက်လှေတစင်း ပုဏ္ဏားကျွန်းမြို့အနီးမှာ တံတားနဲ့တိုက်မိပြီး နစ်မြုပ်ခဲ့တာကြောင့် အမျိုးသမီး ၅ ယောက် အပါအဝင် ၁၁ ယောက်အထိ သေဆုံးခဲ့ရပါတယ်။

ရသေ့တောင်ဒေသခံတယောက်က “လက်ရှိ မိုးရာသီကို ရောက်နေပြီဆိုတော့ နွေရာသီတုန်းကလို တချို့နေရာတွေဆိုလို့ရှိရင် ဆိုင်ကယ်တို့၊ ကားတို့နဲ့ သွားလာရတဲ့ အနေအထားတွေ မဟုတ်တော့ဘူး။ ကျန်းမာရေးကအစ နောက်ပြီးတော့ ကုန်ကူးတာ၊ ဈေးသွားဝယ်တာကအစ ရေလမ်းကြောင်းကို ၈၀ ရာခိုင်နှုန်းလောက် အသုံးပြုနေရတဲ့ အနေအထား ဖြစ်တယ်ဗျ။ အခု မိုးတွင်းရာသီဆိုလို့ရှိရင် မိုးကြီး ရေကြီးတာနဲ့ တောင်ပေါ် က ရေစီးတာတွေ အကုန်လုံးက ရခိုင်ရဲ့ ရေစီးသန်တဲ့ မြစ်တွေကြားမှာ တကယ်လည်း အန္တရာယ်များတဲ့ အနေအထားတခု ဖြစ်တယ်။ နောက်ပြီးတော့ မကြာခဏဆိုသလိုပဲ မိုးသက်လေပြင်းတွေ တိုက်တယ်။ နှစ်တိုင်းလိုလို အသက်ဆုံးရှုံးတဲ့လူတွေ အများကြီး ရှိကြတယ်ဗျ။ မနေ့ကဆိုလို့ရှိရင်လည်း ရသေ့တောင်မြို့မှာ စက်လှေတစင်း တိမ်းမှောက်သွားတာ ရှိတယ်။ ဆုံးရှုံးသွားတဲ့သူတွေထဲမှာ ကျနော်တို့နဲ့ ရင်းနှီးတဲ့သူတွေ ပါတယ်။ ဆွေမျိုးတော်စပ်တဲ့သူတွေ အသက်ဆုံးရှုံးသွားတာတွေ ရှိတယ်ဗျ။ တကယ် စိတ်မကောင်းပါဘူး” လို့‌ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလအတွင်းကလည်း မင်းပြားမြို့နယ်မှာ စက်လှေနစ်မြုပ်မှုကြောင့် ကလေးငယ်တယောက် အပါအဝင် ၉ ယောက် သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

အခုလို အစုအပြုံလိုက် အသက်ဆုံးရှုံးရမှုတွေရဲ့ အဓိကအကြောင်းရင်းကတော့ စက်လှေတွေပေါ်မှာ အသက်ကယ်အင်္ကျီ (Life Jacket) ဝတ်ဆင်မှု မရှိတာနဲ့ လုံခြုံရေးစည်းကမ်းတွေကို လိုက်နာမှု အားနည်းနေတာကြောင့် ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ထောက်ပြကြပါတယ်။

ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်နေသူ ဆရာဝေဟင်အောင်က စည်းကမ်းချက်တွေ ကြပ်မတ်ဖို့ လိုအပ်ပုံကို တိုက်တွန်းထားပါတယ်။

“ကျနော်တို့ ရခိုင်ဒေသက မိုးများတဲ့ဒေသလည်း ဖြစ်တယ်ဗျ။ မိုးသည်း လေပြင်းလည်း မကြာခဏ ကျရောက်တဲ့ဒေသ ဖြစ်တဲ့အတွက် ဒီဒေသမှာနေတဲ့လူတွေအနေနဲ့ အထူးသဖြင့် ရေကြောင်းကို အားထားပြီးတော့ သွားလာရတဲ့သူတွေအနေနဲ့ကျရင် ဒီ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက ချမှတ်ထားတဲ့ စည်းကမ်းတွေကို စနစ်တကျ လိုက်နာဖို့ လိုအပ်တယ်။ အထူးသဖြင့် မိုးလေဝသ သတင်းဌာနတွေကို နားထောင်ဖို့ လိုအပ်တယ်။ ခရီးသွားလာဖို့ ဖြစ်ပြီဆိုရင် Life Jacket တွေကို တတ်နိုင်သမျှ ဆောင်သွားဖို့ လိုအပ်တယ်။ တအိမ် လူတဦးကျ တလုံးကျ ဝယ်ထားဖို့တွက် ပြောတာမဟုတ်ဘူး။ နဂိုကတည်းက ကူးတို့၊ စက်လှေတွေပေါ်မှာ Life Jacket ထားကိုထားရမယ် ဆိုတဲ့ နဂို စည်းကမ်းတခု ရှိတယ်ဗျ။ အဲဒီ စက်လှေသမားတွေကလည်း ဒီစည်းကမ်းတွေကို စနစ်တကျ လိုက်နာဖို့ လိုအပ်တယ်။ ဒီအပေါ်မှာ လိုက်နာမှုရှိမရှိကိုလည်း အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရဘက်က စိစစ်ပြီးတော့ အရေးယူ ဆောင်ရွက်သင့်တယ်လို့တော့ မြင်တယ်ဗျ။”

လက်ရှိအချိန်အထိတော့ ရေလမ်းခရီးသွားလာရာမှာ ပေါ့ဆမှုတွေကြောင့် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ နှစ်စဉ် ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ မိုးလေဝသ အခြေအနေကို စောင့်ကြည့်ဖို့နဲ့ အသက်ကယ်အင်္ကျီတွေကို မဖြစ်မနေ ဝတ်ဆင်သွားလာဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013