
မက္ကဆီကိုစီးတီးမြို့ပြင်က နာမည်ကျော် တီအိုတီဝါကန် ရှေးဟောင်းပိရမစ်နယ်မြေမှာ ဧပြီ ၂၀ ရက်က သေနတ်သမားတယောက်က ပစ်ခတ်ခဲ့လို့ ကနေဒါနိုင်ငံသူ တယောက် သေဆုံးပြီး ဒဏ်ရာရသူ ၁၃ ယောက်အထိ ရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး သေနတ်သမားဟာ သူ့ကိုယ်သူလည်း အဆုံးစီရင်သွားပါတယ်။
ဒီပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူတွေထဲမှာ ကိုလံဘီယာနိုင်ငံသား ၂ ယောက်၊ ကနေဒါနိုင်ငံသား ၁ ယောက်နဲ့ ရုရှားနိုင်ငံသား ၁ ယောက် ပါဝင်တယ်လို့ မက္ကဆီကိုပြည်နယ် လုံခြုံရေးအတွင်းရေးမှူးက ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ သေနတ်တလက်၊ ဓားတစင်းနဲ့ ကျည်ဆန်တချို့ကို သိမ်းဆည်းရမိခဲ့ပေမဲ့ ဘာကြောင့် ခုလိုလုပ်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
မျက်မြင်သက်သေဗီဒီယိုတွေမှာ လူတယောက်ဟာ လက်နက် ကိုင်ဆောင်ထားပြီး ပစ်ခတ်နေတာကို မြင်တွေ့ရသလို၊ အနီးအနားမှာလည်း လူတွေလဲကျနေပြီး အဝေးကနေ လှမ်းကြည့်နေကြသူတွေ လည်း ရှိနေပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ သေနတ်သံတွေ ထွက်ပေါ်လာချိန်မှာ ကမ္ဘာလှည့်ခရီးသည်တွေဟာ ပိရမစ်ရဲ့အောက်ဘက် ခြေရင်းမှာ ဝင်ပုန်းအောင်းနေကြတာကို မြင်တွေ့ရပါတယ်။
မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ် ကတော့ ဒီဖြစ်ရပ်အတွက် စိတ်မကောင် ဖြစ်ရကြောင်းနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူကိုယ်ချင်းစာနာကြောင်း လူမှုကွန်ရက်ကတဆင့် ပြောပါတယ်။
ဒါ့အပြင် ကနေဒါသံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး ဖြစ်စဉ်ကို သေချာစုံစမ်းစစ်ဆေးဖို့နဲ့ လိုအပ်တာတွေ ကူညီပေးဖို့ လုံခြုံရေးအဖွဲ့ကို ညွှန်ကြားထားပါတယ်။
လက်ရှိမှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပိရမစ်အနီးတဝိုက်မှာ ကင်းလှည့်နေကြပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
တီအိုတီဝါကန်ဟာ မနှစ်က ခရီးသည် ၁ သန်းကျော် လာရောက်ခဲ့တဲ့ မက္ကဆီကိုရဲ့ အထင်ကရနေရာတခုဖြစ်သလို၊ ဇွန် ၁၁ ရက် စတင်မဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အမေရိကန်၊ ကနေဒါတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရက်ပိုင်းအလိုမှာ ခုလိုဖြစ်ပွားခဲ့တာကြောင့် ခရီးသွားလုပ်ငန်းရဲ့ လုံခြုံရေးပိုင်းအပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။











