
ရန်ကုန်မြို့က ဆင်ခြေဖုံးမြို့နယ်တွေမှာနေထိုင်တဲ့ စစ်မှုထမ်းအကျုံးဝင် လူငယ်တွေကို စစ်အာဏာရှင်အစိုးရ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မှတ်တမ်းသွင်း စာရင်းပြုစု တာတွေ ဒီရက်ပိုင်း ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ကိုယ်တိုင် ကြုံရသူ လူငယ်တချို့နဲ့ မိသားစုဝင်တွေက ပြောပါတယ်။
စစ်မှုထမ်းဖောင် ဖြည့်ပေးခဲ့ရတဲ့ လူငယ်တယောက်က “အုပ်ကြီး( အုပ်ချုပ်ရေးမှူး) က ဓာတ်ပုံ ၆ ပုံနဲ့ ဖောင်လာဖြည့်ရမယ်လို့ အိမ်အရောက် လာပြောသွားတယ်။ ဘာတွေ ဆက်ဖြစ်မှာလဲ မသိသေးဘူး။ မသွားရင် ဧည့်စာရင်းမပေးမှာစိုးလို့ မဖြစ်မနေ သွားဖြည့်ရတယ်” လို့ ပြောပြတယ်။
အရင်ကတော့ အိမ်ထောင်စုအတွင်း စစ်မှုထမ်းအကျုံးဝင် အသက်အရွယ်ရှိသူအပေါ် မူတည်ပြီး ငွေကြေးကောက်ခံ ဖြေရှင်းနေရာကနေ အခုတော့ ကိုယ်တိုင်စာရင်းပေးရတဲ့ အခြေအနေ ဖြစ်လာတာပါ။
ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေမှာ အိမ်ထောင်စုအတွင်း စစ်မှုထမ်း အကျုံးအဝင် အသက်အရွယ် ရှိသူ ဦးရေအပေါ် မူတည်ပြီး ကျပ် ၁၅,၀၀၀ ကနေ ကျပ် ၄၀,၀၀၀ အထိ လက်ရှိပေးနေရတာ ဖြစ်ပါတယ်။ စစ်မှုထမ်းအကျုံးဝင်သူမရှိတဲ့ အိမ်ထောင်စုတွေကတော့ ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ ကြား ပေးရပါတယ်။
ဒလမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တယောက်က “ဓာတ်ပုံ ၆ ပုံနဲ့ ဖောင်လည်း သွားဖြည့်ရတယ်။ ပြီးတော့ ဒီလအတွက် ကျပ် ၁၅,၀၀၀ ခွဲလည်း ပေးခဲ့ရတယ်။ အုပ်ကြီးကတော့ ငွေပေးနေရင် သူတို့ ရှာဝယ်ထည့်မှာမို့ စိတ်မပူနဲ့လို့ ပြောတယ်။ ပိုက်ဆံပေးထားတဲ့သူတွေ စိတ်ချရတယ်ဆိုလို့ မရှိ၊ ရှိတာ ရှာပေးနေရတာပေါ့။ အခုက ဖောင်ပါ ဖြည့်ခဲ့ရပြီ” လို့ ပြောပါတယ်။
စစ်အာဏာရှင်အစိုးရဟာ နိုင်ငံတဝန်းမှာ စစ်ရှုံးထားတဲ့ နယ်မြေတွေကို ပြန်ရဖို့ ၂ အဓမ္မ စစ်သားစုဆောင်မှုကို စတင်ခဲ့ပြီး ဆုံးရှုံးနယ်မြေတွေကို ပြန်လည် တိုက်ခိုက်ရယူနေတာပါ။
သူတို့ ထိန်းချုပ်ထားတဲ့ နိုင်ငံတဝန်းက မြို့ကြီးတွေမှာ လူငယ်တွေကို ဆင့်ခေါ်စုဆောင်းသလို သူ့လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက အဓမ္မပေါ်တာဆွဲ စုဆောင်းတာတွေလည်း လုပ်ကြ ပါတယ်။
များသောအားဖြင့် ရပ်ကွက်နေသူတွေဆီက ငွေကြေးသတ်မှတ်ကောက်ခံပြီး အဆင်းရဲဆုံးနဲ့ ရာဇဝတ်မကင်းတဲ့ လူငယ်တွေကို ပြန်ဝယ်ကာ လူစားထိုးဖြည့်သွင်းတဲ့စနစ်ကို စစ်အာဏာရှင် အစိုးရ၊ လက်အောက်ခံ ရပ်ကျေးနဲ့ထွေအုပ်ဌာနတွေက ဆောင်ရွက်ပါတယ်။
ရန်ကုန်တိုင်း၊ ဒလမြို့နယ် ကျေးလက်ဒေသမှာ နေထိုင်သူ လူငယ်တယောက်က “အခု စာရင်းတွေ မဖြစ်မနေ လာပေးရမယ်လို့တော့ ပြောနေကြတယ်။ ကျနော်တို့ ရွာအပိုင်းလည်း စာရင်းကောက်နေတယ်။ ကျနော်က စာရင်းသွားမသွင်းရသေးဘူး။ အခုက အရင် အပတ်စဉ် ၁၊ အပတ်စဉ် ၂ တွေမှာ သေပြီးသွားတဲ့ လူတွေရဲ့ နာမည်တွေတောင် ပြန်ပါနေတယ်လို့ ပြောနေတယ်။ ဘာတွေမှန်းမသိဘူး။ စစ်ထဲလည်း မဝင်နိုင်ဘူး။ စောင့်ကြည့်ပြီး တခုခု လုပ်ရမှာပေါ့“ လို့ ပြောပါတယ်။
စစ်အာဏာရှင်အစိုးရက လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၂၅ အထိ သင်တန်းဆင်းထားပြီး အပတ်စဉ် ၂၇ အတွက် လူသစ်စုဆောင်း သင်တန်းပေးနေပြီ ဖြစ်ပါတယ်။
သင်တန်းအပတ်စဉ် တခုကို အရပ်သား ၅,၀၀၀ အထိ စုဆောင်း စစ်မှုထမ်းစေမှာဖြစ်ပြီး လတ်တလောမှာ စစ်မှုထမ်းဆောင်မှုကာလသက်တမ်းပြည့်လို့ ပြန်လာရသူတွေအကြောင်း သူတို့ပိုင်သတင်းစာတွေက ဝါဒဖြန့်နေပေမဲ့ လူ ၅,၀၀၀ ထဲက ဘယ်လောက် အကောင်းပကတိ ပြန်ရောက်သလဲဆိုတာကို စစ်အာဏာရှင်အစိုးရက မဖော်ပြပါဘူး။











