DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်တာဝန်အတွက် ကယ်လီကာရီကို အဆိုပြု
သုတချမ်းသာ
·
March 20, 2026
Photo: U.S. Mission Geneva
Photo: U.S. Mission Geneva
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်အတွက် မစ္စစ် ကယ်လီကာရီကို ကုလလူ့အခွင့်အရေးကောင်စီ သဘာပတိက အဆိုပြုလိုက်ပါတယ်။

အရင်ကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့ ရာထူးသက်တမ်း ကုန်ဆုံးပြီ ဖြစ်တဲ့အတွက် သူ့ရဲ့နေရာ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်အတွက် မစ္စစ် ကယ်လီကာရီကို အဆိုပြုကြောင်း ကုလလူ့အခွင့်အရေးကောင်စီ (HRC) သဘာပတိက မတ် ၁၉ ရက်မှာ ကုလအဖွဲ့ဝင်နိုင်ငံတွေဆီကို စာပေးပို့ ကြေညာလိုက်တာပါ။

မစ္စစ် ကယ်လီကာရီကို ရာထူးတာဝန်အတွက် အတည်ပြုခန့်အပ်ခြင်း ပြုမပြုကိုတော့ ကုလလူ့အခွင့်အရေးကောင်စီ (HRC) ရဲ့ ၆၁ ကြိမ်မြောက်ညီလာခံ နောက်ဆုံးရက် မတ် ၃၁ ရက်မှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ကယ်လီကာရီဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နွေဦးတော်လှန်ရေးဘက်က ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

ကယ်လီကာရီဟာ အမေရိကန်နိုင်ငံ၊ ကမ္ဘာ့အမျိုးသမီးရေးရာကိစ္စရပ်များဆိုင်ရာ သံအမတ်ကြီးဟောင်းဖြစ်ပြီး ဥပဒေပညာကျွမ်းကျင်သူ ဖြစ်ပါတယ်။

လော့စ်အိန်ဂျယ်လိစ်မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်း(စ်)ရွှေက “မြန်မာပြည်အတွက်ဆိုရင်တော့ မြန်မာပြည်အကြောင်း နားလည်တယ်၊ ပြီးတော့ ဆက်လုပ်မဲ့လူပေါ့လေ၊ အဲဒါမျိုးတော့ မြင်တယ်ဗျ။ သူလုပ်တာကိုင်တာတော့ အများစုကတော့ ကျနော်တို့ သဘောကျတာပေါ့။ ဒါပေမဲ့ ရိုဟင်ဂျာအရေးတွေ ဘာတွေ ကိစ္စဆိုရင် သူ့ကို နည်းနည်းလေး ရိုဟင်ဂျာဘက်ကို အလေးပိုထားတယ် ဆိုပြီးတော့ သဘောထားတဲ့လူတွေလည်း ရှိတာပေါ့။ ပြီးတော့ တော်လှန်ရေးဘက်ကို ထောက်ခံတယ်ပေါ့လေ၊ အဲဒါတော့ သဘောကျတယ်။ ရိုဟင်ဂျာအရေးကျလို့ရှိရင် သူ နည်းနည်းပိုပြီးတော့ မျှမျှတတမြင်၏ မမြင်၏ကို ကျနော်တို့ ဆက်စောင့်ကြည့်ရမှာပေါ့။ ကျနော်တို့တော့ သူမြင်မယ်လို့ ယူဆပါတယ်။ ပြီးတော့ တော်လှန်ရေးအုပ်စုတွေနဲ့လည်း သူနဲ့ နဂိုကတည်းက အဆက်အသွယ် တော်တော်ကောင်းကောင်း ရှိပြီးသားဗျာ။ အဲဒါ ကျနော်တို့ မျက်မြင်ကိုယ်တွေ့လေ။ စစ်တပ်ဘက်ကတော့ ချဉ်းကပ်မှာပဲ။ ဒါပေမဲ့ ချဉ်းကပ်လို့က စစ်တပ်ဘက်ကို မပါလောက်ဘူးလို့ ကျနော်တို့ တော်တော်ကြီးကို ယုံကြည်တယ်ဗျာ” လို့ ပြောပါတယ်။

ကယ်လီကာရီဟာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေအတွက် နှစ်ပေါင်း ၃၀ ကျော် ကုလနဲ့ အမေရိကန်အစိုးရတို့ဆီ ချိတ်ဆက်ပြီး လုပ်ငန်းဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ကယ်လီကာရီဟာ Project 2049 Institute မှာ "Burma Transition Initiative" ကို တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံတကာမူဝါဒရေးရာ ဆွေးနွေးပွဲတွေမှာ မြန်မာပြည်သူဘက်က ရပ်တည်တဲ့ သတင်းစကားတွေ ထုတ်ပြန်နိုင်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “တော်လှန်ရေးအတွက်ရော မြန်မာလူထုအတွက်ရော ဝမ်းသာစရာသတင်း ဖြစ်ပါတယ်။ တွမ်အန်ဒရူးထက်တောင်မှ သူက ပိုပြီးတော့မှ နားလည်မှုတွေရှိမယ်လို့ ထင်တယ်ပေါ့နော်။ ဒါပေမဲ့ သူ့မှာရှိနိုင်တာ စိန်ခေါ်ချက်လေးက ထရမ့်ပ်အစိုးရနဲ့ သူ ဘယ်လို အကောင်းဆုံးဖြစ်အောင် လုပ်မလဲ ဆိုတာပေါ့လေ။ ဒါပေမဲ့ သူက တော်တဲ့သူဆိုတော့လေ Creative ဖြစ်ဖြစ်နဲ့ ရှောင်ကွင်းပြီးတော့ သူလုပ်သွားနိုင်မယ်လို့ ထင်တယ်ပေါ့။ မဟာဗျူဟာနဲ့ သူက စဉ်းစားပြီးတော့မှ လုပ်တတ်တဲ့သူမျိုးပေါ့။ သူလုပ်နိုင်တဲ့အပိုင်းနဲ့ ပေးထားတဲ့အခြေအနေတွေ အခင်းအကျင်းတွေ အပေါ်မှာ ဘယ်လို အကောင်းဆုံး ကူညီရမလဲ ဆိုတာကို ဗျူဟာမြောက် စဉ်းစားပြီးတော့ ကူညီတတ်တဲ့လူလို့ ကျမတို့ သုံးသပ်မိတယ်ပေါ့နော်” လို့ ပြောပါတယ်။

၂၀၂၅ နိုဝင်ဘာ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ "No Exit Strategy: Burma's Endless Crisis and America's Limited Options" မြန်မာ့အရေးကြားနာပွဲမှာ ကယ်လီကာရီဟာ အဓိကရှင်းလင်းတင်ပြသူအဖြစ် ပါဝင်ခဲ့ပြီး စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အဲဒီတုန်းက သူ့ရဲ့ပြောဆိုချက်မှာ မြန်မာပြည်သူတွေ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရတဲ့အချိန်ကျမှ နိုင်ငံတွင်းမှာ ငြိမ်းချမ်းရေးဖြစ်လာနိုင်မယ်လို့ ထည့်သွင်း ပြောဆိုထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013