
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာ ၂၅ ရက် ညပိုင်းကစလို့ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တာကြောင့် စက်တင်ဘာ ၂၆ ရက်ဒီမနက်ပိုင်း မြို့တွင်းလမ်း ၂၀ ကျော်မှာ ရေကြီး ရေလျှံနေပါတယ်။
မိုးရေချိန်များတာကြောင့် ရမ်ခမ်းဟင်လမ်းမှာ ရေအမြင့် ၁၇ ဒသမ ၅ စင်တီမီတာအထိရှိခဲ့ပြီး လမ်းမတွေပေါ်ရေတင်ကျန်နေတာကြောင့် ယာဉ်အသွားအလာ အခက်အခဲကြုံနေပါတယ်။
ရေကြီးရေလျှံမှုဖြစ်နေတဲ့နေရာတွေထဲမှာ ဘန်ကပီ၊ လတ်ဖရောင်း၊ ရမ်ခမ်းဟင်နဲ့ ဟွေ့ခွမ်းတို့အပြင် ဘန်ကောက်မြို့တွင်း ဒေသအချို့လည်းပါဝင်ပြီး ရေမြင့်နေတဲ့လမ်းပိုင်းတွေကို ရှောင်ရှားသွားလာ ကြဖို့ အာဏာပိုင်တွေက ဖုန်းမက်ဆေ့ဂျ်ကတဆင့် သတိပေးထားပါတယ်။
အထူးသဖြင့် ရေမြင့်တက်နေတဲ့ လမ်းပိုင်း ၇ နေရာမှာ ကားအသေးတွေ ဖြတ်သန်းမောင်းနှင်တာကို ရှောင်ကြဉ်ကြဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၅ ရက်ကဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုကြောင့် ဘန်ကောက်မြို့တော် အာဏာပိုင်တွေက နောင်ချော့၊ ဆွမ်လွမ်နဲ့ ခန်နာယောင် ခရိုင်သုံးခုကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နေရာတွေအဖြစ်သတ်မှတ်ထားပြီး သက်ဆိုင်ရာဌာနတွေက ဒေသခံပြည်သူတွေကို အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ထိုင်းမိုးလေဝသဌာနကလည်း စက်တင်ဘာ ၂၆ ရက်ကနေ ၂၇ ရက်အထိ ဘန်ကောက်နဲ့ အနီးဝန်းကျင်ဒေသတွေအပါအဝင် ထိုင်းနိုင်ငံဒေသအများအပြားမှာ မိုးသည်းထန်တာကနေ မိုးအလွန်သည်းထန်တဲ့အထိ ရွာသွန်းနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါကြောင့် ရုတ်တရက်ရေကြီးရေလျှံနိုင်တဲ့နေရာတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိထားဖို့ လိုအပ်ပါတယ်။
ဘန်ကောက်မှာ နေထိုင်အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့လည်း မိုးဆက်လက် သည်းထန်နိုင်တာကြောင့် ဘန်ကပီ၊ လတ်ဖရောင်း၊ ဟွေ့ခွမ်းနဲ့ ရမ်ခမ်းဟင်ဘက်က ရေကြီးနေတဲ့ လမ်းပိုင်းတွေကို မဖြစ်မနေမဟုတ်ရင် ရှောင်ရှားသွားလာကြဖို့နဲ့ အလုပ်သွားအလုပ် ပြန်ချိန်တွေမှာလည်း သွားမဲ့လမ်းရဲ့ ရေကြီးရေလျှံမှုအခြေအနေကို ကြိုတင်စစ်ဆေးပြီး သွား လာကြဖို့ သတိပေးထားပါတယ်။










