
အမေရိကန်နိုင်ငံရေးကို ဆယ်စုနှစ်တခုကျော် လွှမ်းမိုးထားတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ လက်ကျန် ၂ နှစ်သက်တမ်းအပေါ် ဖွင့်ဆိုပေးနိုင်တဲ့ သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်မှာ ကျင်းပနေပါတယ်။
ဒီရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ်နေရာ ၄၃၅ နေရာလုံးနဲ့ အထက်လွှတ်တော် အမတ်နေရာ ၃၅ နေရာကို ရွေးချယ်ကြမှာဖြစ်ပြီး လက်ရှိမှာ ရီပတ်ဘလီကန်ပါတီက လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်ထားပါတယ်။
အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီက ၂၁၈ နေရာ၊ ဒီမိုကရက်တစ်ပါတီက ၂၁၄ နေရာ ရရှိထားပြီး တသီးပုဂ္ဂလ အမတ်တယောက်နဲ့ လစ်လပ်နေရာ ၂ နေရာ ရှိပါတယ်။
အထက်လွှတ်တော်မှာတော့ ရီပတ်ဘလီကန်ပါတီက ၅၃ နေရာနဲ့ ဒီမိုကရက်တွေက မဟာမိတ် တသီးပုဂ္ဂလ အမတ်နှစ်ယောက် အပါအဝင် ၄၇ နေရာ ရရှိထားပါတယ်။
ဒီရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ အဓိကစိုးရိမ်ချက်က လူနေမှုစရိတ် ကြီးမြင့်မှုဖြစ်ပြီး ထရမ့်ပ်ရဲ့ သွင်းကုန်အခွန်မူဝါဒတွေနဲ့ အီရန်စစ်ပွဲကြောင့် လောင်စာဆီနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။
နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်တဲ့ Reuters/Ipsos စစ်တမ်းမှာ မဲဆန္ဒရှင် ၇၈ ရာခိုင်နှုန်းက လူနေမှုစရိတ်ကို အရေးကြီးတဲ့ ရွေးကောက်ပွဲကိစ္စအဖြစ် သတ်မှတ်ထားပါတယ်။
ထရမ့်ပ်ကတော့ ရီပတ်ဘလီကန်တွေ အနိုင်ရလေ့ရှိတဲ့ အိုင်အိုဝါနဲ့ ကန်ဆက်စ်ပြည်နယ်တွေမှာပါ မဲဆွယ်ခဲ့ပြီး “ဒီရွေးကောက်ပွဲမှာ ကျုပ်နာမည်လည်း မဲစာရွက်ပေါ်မှာ ပါနေသလို သဘောထားပေးကြပါ” လို့ ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။
အထက်လွှတ်တော်အတွက် မစ်ရှီဂန်၊ တက္ကဆက်၊ အိုဟိုင်အို၊ အိုင်အိုဝါ၊ မိန်း၊ အလက်စကာနဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွေက ရွေးကောက်ပွဲတွေ အရေးပါနေပါတယ်။
ရီပတ်ဘလီကန်တွေ လွှတ်တော်နှစ်ရပ်လုံးကို ဆက်လက်ထိန်းချုပ်နိုင်ရင် ထရမ့်ပ်ရဲ့ ဥပဒေပြုရေး အစီအစဉ်တွေကို ဆက်လက်တွန်းအားပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီမိုကရက်တွေက လွှတ်တော်တရပ်ရပ်ကို ထိန်းချုပ်နိုင်ရင်တော့ ထရမ့်ပ်အစိုးရရဲ့ မူဝါဒတွေကို စစ်ဆေးထိန်းညှိနိုင်တဲ့ အခွင့်အာဏာ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။
Source: Reuters











