
မြန်မာနိုင်ငံကို အလည်ပြန်မယ့် လုပ်သားတွေဟာ အလုပ်ရှင်ဆီက ခွင့်စာနဲ့ အထောက်အထား အပြည့်အစုံပါမှ ပြည်ပထွက်ခွာခွင့် ပြန်လည်လျှောက်ထားရမယ်လို့ စစ်အာဏာရှင် အလုပ်သမား သံအရာရှိရုံးက မေ ၄ ရက်က ထုတ်ပြန်ထားပါတယ်။
PJ ပတ်စ်ပို့ကိုင်ဆောင်ပြီး ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံတွင်းကို ခွင့်နဲ့ပြန်လာတဲ့အခါ အလုပ်ရှင်ထံမှ ခွင့်စာနဲ့ သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးတွေမှ မှန်ကန်ကြောင်း စစ်ဆေးထောက်ခံချက်ရယူပြီး သတ်မှတ် စာရွက်စာတမ်း တွေနဲ့အတူ သက်ဆိုင်ရာက ထုတ်ပေးတဲ့ ထောက်ခံချက်ပူးတွဲပြီး ပြည်ပကို ပြန်လည်ထွက်ခွာခွင့် တင်ပြလျှောက်ထားရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ နိုင်ငံအများစုမှာ သတ်မှတ်ထားတဲ့ ခွင့်အမျိုးအစားတွေထဲ မီးဖွားခွင့်၊ မိသားစုစောင့်ရှောက်ခွင့်၊ နာမကျန်းခွင့် စတာတွေမှအပ နှစ်ပတ်လည်ခွင့်အပါအဝင် သာမန်ခွင့်တွေကို အများဆုံး ၁ လသာ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာလုပ်သားတွေ အမှန်တကယ်အလုပ်လုပ်ကိုင်နေတဲ့ OWIC ပါ အလုပ်ရှင်နဲ့ လုပ်ငန်းခွင်တွေမှာ အခက်အခဲတစုံတရာကြုံတွေ့ရပါက သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်မှုပေးနိုဖို့ ရည်ရွယ်ပြီး လက်ရှိအလုပ် လုပ်နေတဲ့ အလုပ်ရှင်/ လုပ်ငန်းခွင် အမှန်ကို သိရှိနိုင်ရေးအတွက် ဆောင်ရွက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မေ ၁ ရက် မတိုင်ခင်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေကြတဲ့ အလုပ်သမားတွေထဲက ခွင့်ကာလ ၁ လထက် ကျော်လွန်နေတဲ့သူတွေ၊ ခွင့်ကာလ တလကျော်ယူရတဲ့ အကြောင်းပြချက်နဲ့ OWIC မှာ ဖော်ပြထားတဲ့ နိုင်ငံနဲ့ လုပ်ငန်းခွင် ကွဲလွဲသူတွေဟာ ပြည်ပထွက်ခွာခွင့် ပြန်ရဖို့ ကွဲလွဲရတဲ့ အထောက်အထားအခိုင်အလုံနဲ့ တင်ပြရမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင် အလုပ်သမားသံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အထောက်အထားပြည့်စုံတဲ့ မြန်မာလုပ်သားတွေ ပြည်ပထွက်ခွာခွင့် ပြန်လည်လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပေမဲ့ လက်တွေ့မှာတော့ အကြောင်းအမျိုးမျိုးပြကာ အလုပ်သမားတွေကို ပြည်ပပြန်လည်ထွက်ခွာခွင့် ပယ်ချနေတာတွေရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။










