
ရှမ်းအရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်မှာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေသူ ၁၂၆ ယောက် ဖမ်းမိတယ်လို့ စစ်အာဏာရှင်ဘက်က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မေ ၂၀ ရက်နေ့က မိုင်းခတ်မြို့နယ်ထဲ ဝင်ရောက်စစ်ဆေးရာမှာ တရုတ်နိုင်ငံသား အယောက် ၅၀၊ ဗီယက်နမ်နိုင်ငံသား ၁ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၁ ယောက်၊ စုစုပေါင်း ၆၂ ယောက် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မေ ၂၁ ရက်နေ့မှာလည်း နေရာတချို့ကို ဆက်လက်ရှာဖွေရာမှာ တရုတ်နိုင်ငံသား ၅၁ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၃ ယောက် ထပ်မံဖမ်းမိခဲ့လို့ ၂ ရက်အတွင်း ဖမ်းဆီးရမိသူ ၁၂၆ ယောက် ရှိလာတာဖြစ်ပါတယ်။
ဖမ်းဆီးမှုတွေအတွင်း Star Link စက်တွေ၊ ကွန်ပျူတာတွေ၊ ဖုန်းတွေ၊ အင်တာနက် ဆက်သွယ်ရေးပစ္စည်းတွေနဲ့ လုပ်ငန်းသုံးပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အရင်ကလည်း ဒီလိုလုပ်ငန်းတွေရှိတယ်လို့ သတင်းတွေ ထွက်နေခဲ့တာ ကြာပြီ။ အခုလို ဆက်တိုက်ဖမ်းဆီးတာက တကယ်နှိမ်နင်းမယ့်ပုံစံလား၊ တချို့ကိုပဲ ဖမ်းပြနေတာလား ဆိုတာတော့ စောင့်ကြည့်ရဦးမယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းမိထားသူတွေကို ဆက်လက်စစ်ဆေးနေပြီး ဆက်စပ်သူတွေကိုလည်း ထပ်မံဖော်ထုတ် ဖမ်းဆီးသွားမယ်လို့ စစ်အာဏာရှင်ဘက်က ထုတ်ပြန်ထားပါတယ်။










