
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား - ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ မော်ရိုကိုအသင်းက နယ်သာလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး နောက်တဆင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
နယ်သာလန်နဲ့ မော်ရိုကိုတို့ မက္ကဆီကိုနိုင်ငံ၊ အက်စတာဒီယို မွန်တာရေးကွင်းမှာ ဇွန် ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပုံမှန်ပွဲချိန်နဲ့ အချိန်ပိုမှာ တဖက်တဂိုးစီ သရေကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ကန်ရာမှာ မော်ရိုကိုက (၃-၂) ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းဟာ နောက်တဆင့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲမှာ ကနေဒါအသင်းနဲ့ ဆက်လက် ရင်ဆိုင်ရမှာဖြစ်ပြီး နယ်သာလန်အသင်းကတော့ ပြိုင်ပွဲကနေ ထွက်သွားရပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ နာမည်ကြီး နယ်သာလန်အသင်းဟာ ၇၂ မိနစ်မှာ ဂတ်ပိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ မော်ရိုကိုအသင်းကတော့ ကစားပုံ မာကျောသလို ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဂိုးပေါက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
ချေပဂိုးကိုတော့ ပွဲပြီးခါနီး ၉၁ မိနစ်မှာ မော်ရိုကို နောက်ခံလူက သွင်းယူပြီး အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာ နယ်သာလန်ဘက်က ဂိုးပေါက် ၃ ကြိမ်အထိ လွဲခဲ့ပြီး မော်ရိုကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားတာပါ။
ဒီရှုံးပွဲကြောင့် နယ်သာလန်ဟာ ဂျာမနီလိုပဲ ဒုတိယမြောက် အိမ်ပြန်စောရတဲ့ ဥရောပအသင်းကြီးတသင်း ဖြစ်လာပါတယ်။
Photo: Reuters











