တောင်ကိုရီးယားမှာ စတော့ဈေးကွက် ထိုးကျလို့ ဒေါ်လာ ထရီလီယံနဲ့ချီ ဆုံးရှုံးခဲ့ရအပြီး အစိုးရရဲ့ ကိုင်တွယ်ပုံကို မကျေနပ်ကြတဲ့ ဆန္ဒပြသူတွေဟာ အမျိုးသားလွှတ်တော်ရှေ့မှာ နာရေးပန်းခွေ အခု ၄၀ နီးပါး သွားရောက်ချထားခဲ့ကြပါတယ်။
အဖြူရောင် နာရေးပန်းခွေတွေပေါ်မှာ “စတော့ ရင်းနှီးမြှုပ်နှံသူတွေကို သတ်နေကြပြီ” နဲ့ “ရင်းနှီးမြှုပ်နှံသူတွေဟာလည်း မဲဆန္ဒရှင်တွေ ဖြစ်တယ်” ဆိုတဲ့ စာတန်းတွေ ရေးသားထားကြပြီး အဆိုပါ ပန်းခွေတွေကိုတော့ ညတွင်းချင်း ပြန်ဖယ်ရှားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တလအတွင်း စတော့ဈေးကွက် ၄၀ ရာခိုင်နှုန်းနီးပါး ထိုးကျသွားခဲ့တာကြောင့် ငွေချေးပြီး နောက်ကျမှ ဝင်ဝယ်ခဲ့ကြတဲ့ လူငယ်တွေ၊ ပင်စင်စားနဲ့ အိမ်ထောင်စုတွေ အကြီးအကျယ် အထိနာခဲ့ရပါတယ်။
သူတို့ ဝယ်ခဲ့ကြတာက စတော့ရှယ်ယာ တခုတည်းအပေါ် အဆမတန် အမြတ်/အရှုံး မြှင့်ထားတဲ့ ရန်ပုံငွေများ (Single-Stock Leveraged Funds) ဖြစ်တာကြောင့် အရှုံးလည်း အဆမတန် ပိုကြီးခဲ့တာပါ။
အခုလို လူတွေ ဘဝပျက်မတတ် ရှုံးကုန်တော့မှ အစိုးရ ဘဏ္ဍာရေးဌာနက အရေးပေါ် အစည်းအဝေးထိုင်ပြီး ဒီလို အရှုံးအမြတ် ပြင်းထန်တဲ့ စတော့ဝယ်ယူမှုတွေကို ကန့်သတ်တာ၊ ဝန်ဆောင်ခ တိုးကောက်တာတွေ လုပ်ဆောင်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဆန္ဒပြသူတွေကတော့ အစိုးရအနေနဲ့ ဒီလို အန္တရာယ်များတဲ့ စတော့တွေကို အစောတည်းက စည်းကမ်းမထုတ်ဘဲ လွှတ်ထားခဲ့ပြီး လူတွေ အရှုံးကြီး ရှုံးပြီးမှ လာရောက် ထိန်းချုပ်တာကို ဒေါသထွက်နေကြတာပါ။
စီးပွားရေး လေ့လာသုံးသပ်သူတွေကလည်း အစိုးရရဲ့ အခု မူဝါဒသစ်ဟာ လက်ရှိ အရှုံးပေါ်နေသူတွေကို ဘာမှ ကူညီနိုင်မှာ မဟုတ်သလို စတော့ဈေးကွက် မတည်ငြိမ်မှုကိုလည်း ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ထားကြပါတယ်။
Source: Reuters










