
ယူကရိန်းဈေးဝယ်စင်တာတခုကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်လူ ၅ ယောက် သေဆုံးပြီး ၆၇ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးက ထုတ်ပြန်ပါတယ်။
ဒီနီပရိုပီထရော့ဒေသ ပါဗလိုဂရက်မြို့မှာရှိတဲ့ ဈေးဝယ်စင်တာတခုကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။
အဲဒီမြို့မှာရှိတဲ့ တခြား ဈေးဝယ်စင်တာနှစ်ခုကိုလည်း ရုရှားက ဒီတပတ်အစောပိုင်းမှာ လေကြောင်း ပစ်မှတ်ထားခဲ့တယ်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ကရာမာထရော့မြို့မှာ လူ ၂၂ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ ဗုံး ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၈ လသား ကလေးတယောက် အပါအဝင် ၂၂ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တာလို့ မြို့တော်ဝန်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ လူနေတိုက်ခန်း ၁၄ ခန်း ပျက်စီးခဲ့ပြီး လုံးချင်းအိမ် ၃ လုံး ထိခိုက်ခဲ့သလို အစိုးရအဆောက်အအုံ ၃ လုံးနဲ့ ကား ၁၄ စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကရာမာထရော့မြို့ဟာ ယူကရိန်းအရှေ့ပိုင်းရှိ ဒိုးနက်စ်ဒေသတခုလုံးကို သိမ်းပိုက်နိုင်ဖို့ အရေးပါတဲ့မြို့ ဖြစ်ပါတယ်။
ရုရှားဟာ စက်တင်ဘာ ၁၁ ရက်က ကိယက်ဗ်မြို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် လူ ၈ ယောက် ဒဏ်ရာရခဲ့ပြီး ၉ ထပ်အဆောက်အအုံတခု မီးလောင်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဒါဟာ အမေရိကန်ကိုယ်စားလှယ်တွေ မော်စကိုမြို့ကို လာတဲ့အချိန် တိုက်ခိုက်မှု ခဏရပ်ခဲ့ပြီးနောက် ပြန်စခဲ့တာပါ။
ရုရှားဒရုန်းတစင်း ကိယက်ဗ်မြို့ ဓာတ်ဆီဆိုင်တဆိုင်ကို ထိမှန်ခဲ့တာကြောင့် လူ ၄ ယောက် ဒဏ်ရာရခဲ့သေးတယ်လို့ မြို့တော်ဝန်က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ ယူကရိန်းကလည်း ရုရှားအပန်းဖြေမြို့ဖြစ်တဲ့ ဆိုချီကို တိုက်ခိုက်ခဲ့လို့ လူ ၂၈ ယောက် ဒဏ်ရာရခဲ့က ၃ ယောက် သေဆုံးခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။











