
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းနားက ဆိုင်ခန်းတွေ နေရာ ရွှေ့ပြောင်းတာ၊ ဆိုင်ခန်းဖျက်တာတွေ လုပ်နေကြရတယ်လို့ မြို့ခံတွေက မတ် ၂၁ ရက်မှာ ပြောပါတယ်။
ရှမ်းပြည်နယ်အားကစားနဲ့ ကာယပညာဦးစီးဌာနကနေ ဆိုင်ခန်း/ တိုက်ခန်းတွေနေရာမှာ အားကစားကွင်း/အားကစားရုံ၊ ရေကူးကန်၊ လူငယ်ရေးရာစင်တာတွေ ဆောက်လုပ်သွားမယ်ဆိုပြီး မတ် ၂၀ ရက် နောက်ဆုံးထားဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားရင် ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဖယ်ရှားမယ်ဆိုပြီး ထုတ်ပြန်ထားတာကြောင့် ဖယ်ပေးနေရတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “ဖျက်ကုန်ပြီ။ အကုန်လုံးနီးပါးပါပဲ၊ တချို့ဆိုင်တွေတော့ ကိုယ့်ပစ္စည်း ကိုယ်ဖျက်ပြီး သယ်နေတာတွေရှိတယ်၊ အသိကားပစ္စည်းဆိုင်ဆို ကိုယ့်အိမ်ကိုယ်ရွှေ့ ထားကြတာပဲ၊ သူတို့ကို ဘယ်နေရာပေးမယ်ဆိုတာ မသိဘူး၊ နေရာတွေက မပြီးသေးဘူး” လို့ ပြောပါတယ်။
ဆိုင်ခန်း/ တိုက်ခန်းတွေကို နေရာရွှေ့ပြောင်းဖို့ အေးသာယာက မင်းကျန်စစ်အိမ်ရာ၊ မီးပုံးပျံကွင်းနဲ့ ညိုမီးဘက်က ကားကြီးကွင်းဘက်တွေကို ရွှေ့ပြောင်းဖို့ ပြောဆိုနေပေမဲ့ ရွှေ့ပြောင်းမယ့်နေရာတွေ က ပြင်ဆင်လို့ မပြီးသေးတာကြောင့် ဆိုင်ခန်းဖွင့်ခဲ့သူတွေ ဒုက္ခရောက်နေရတယ်လို့ သိရပါတယ်။
ဆိုင်ခန်းတွေ တိုက်ခန်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက စီးပွားရေးလုပ်ကိုင်တာ၊ နေထိုင်တာ တွေရှိခဲ့ပြီး အခုလို ပြောင်းရွှေရတာကြောင့် နေထိုင်ဖို့နဲ့ စီးပွားရေးဆက်လုပ်ဖို့ အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။








