DVB Logo
Home
နိုင်ငံတကာ
ဘိုလီးဗီးယားတွင် စက်သုံးဆီပြတ်လပ်ပြီး မော်တော်ယာဉ်များ တန်းစီစောင့်နေ   
DVB
·
June 23, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဘိုလီးဗီးယားနိုင်ငံမှာ ရက်သတ္တပတ်တော်တော်ကြာအောင် စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ခဲ့ပြီး နောက် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ တတိယမြောက်နေ့ ဇွန် ၂၂ ရက်မှာ လာပတ်ဇ်နဲ့ အယ်လ်အာလ်တို မြို့တွေက ဆီဆိုင်တွေမှာ မော်တော်ယာဉ်တန်းကြီးတွေ အရှည်ကြီး တန်းစီ စောင့်ဆိုင်းနေကြပါတယ်။

ဆီဆိုင်တချို့ကတော့ ရောက်လာတဲ့ ဆီသယ်ယာဉ်တစီးချင်းစီကို အရည်အသွေး စစ်ဆေးပြီးနောက် ဆီပြန်ရောင်းပေးနေပေမဲ့ ဒေသခံအများစုကတော့ လူတန်းရှည်ကြီးထဲမှာ ဆက်ပြီး စောင့်ဆိုင်း နေရဆဲ ဖြစ်သလို တချို့လည်း ကားထဲမှာပဲ အိပ်ပြီး စောင့်နေကြရပါတယ်။ 

တဖက်မှာလည်း သမ္မတဟောင်း အီဗိုမိုရာလက်စ်က ချာပါရီ ဒေသကနေ နိုင်ငံရေးဖိအားတွေကို မြှင့်တင်တဲ့အနေနဲ့ ဓာတ်အားပေးရုံတွေကို သိမ်းပိုက်ဖို့  ခြိမ်းခြောက်လိုက်ပါတယ်။

ရှီနာဟိုတာ မြို့မှာ ပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲတခုမှာ သူက လျှပ်စစ်မီး ဆက်ပြတ်နေမယ်ဆိုရင် သူတို့ပိုင်နက်ထဲမှာရှိတဲ့ ကိုရာနီ၊ ဆန်တာအစ္စဘဲလ်၊ ဆန်ဟိုဆေး ၁၊ ဆန်ဟိုဆေး ၂ နဲ့ ၅၀၀ မဂ္ဂါဝပ် ထွက်တဲ့ အန်ထရီရီယိုစ်  အပူပေးဓာတ်အားပေးစက်ရုံ အပါအဝင် ဒေသတွင်းက လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကို သိမ်းပိုက်လိုက်ကြဖို့ သူ့ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။ 

ဒီပြောဆိုချက်အပေါ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟိုဆေး လူးစ်ဂါးလ်ဗက်ဇ်က လာပတ်ဇ်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အများပြည်သူသုံး ဝန်ဆောင်မှုလုပ်ငန်းတွေကို နှောင့်ယှက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ၊ ဓာတ်အားပေးစက်ရုံတွေကို သိမ်းပိုက်ဖို့နဲ့ ရေဖြတ်တောက်ဖို့ ခြိမ်းခြောက်တာတွေဟာ ရာဇဝတ်မှု မြောက်ပြီး နိုင်ငံတော်အဆင့်အနေနဲ့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံရေးအရဖြစ်စေ၊ လူမှုရေးတောင်းဆိုချက်အရဖြစ်စေ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ခွင့်ပြု မှာ မဟုတ်ဘူးလို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အခြေအနေတွေဟာ တဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပြီး မိုရာလက်စ်ဟာ တရားမဝင်လုပ်ရပ်တွေလုပ်ဖို့ လှုံ့ဆော်နေတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက စွပ်စွဲခဲ့ပါတယ်။ 

အလုပ်သမားသမဂ္ဂတွေနဲ့ လယ်သမားသမဂ္ဂတွေက လမ်းတွေကို ရက်ပေါင်း ၅၀ ကျော်ကြာ ပိတ်ဆို့ ဆန္ဒပြခဲ့ကြလို့ တောင်အမေရိက နိုင်ငံတစ်ဝန်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန် ထောက်ပံ့မှု တွေ ပြတ်တောက်သွားခဲ့ရပြီးနောက်ပိုင်း အခုလို အရေးပေါ်အခြေအနေ ကြေညာခဲ့ရတာပါ။

ဒီပိတ်ဆို့မှုတွေကြောင့် အိမ်သုံးအခြေခံ စားသောက်ကုန်တွေ ပြတ်လပ်ကုန်ပြီး အထူးသဖြင့် အသားစျေးနှုန်းတွေ တက်သွားတာကြောင့် ရှာရဖွေရ ခက်ခဲတဲ့ ဒုက္ခတွေကို ပြည်သူတွေ အလူးအလဲ ခံခဲ့ကြရပါတယ်။

အခု အရေးပေါ်အခြေအနေ ကြေညာပြီးနောက်မှာတော့ စားသောက်ကုန် ပြတ်လပ်မှုတွေ သက်သာသွားပြီး အသားစျေးနှုန်းတွေလည်း အရင်အတိုင်း ပြန်ကျသွားလိမ့်မယ်လို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

လက်ရှိမှာတော့ ဘိုလီးဗီးယားနိုင်ငံ အနှံ့အပြားမှာ အဝေးပြေးလမ်း ပိတ်ဆို့မှုတွေ အတော်များများ ရှင်းလင်းသွားပြီဖြစ်ပေမဲ့ ချာပါရီဒေသမှာတော့ ပိတ်ဆို့မှု ၆ ခု ကျန်နေသေးတာကြောင့် မြို့ကြီး တွေဆီ ကုန်စည်ဖြန့်ဖြူးရေးလုပ်ငန်းတွေအတွက် အခက်အခဲ ဖြစ်နေဆဲ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013