
ကချင်ပြည်နယ်၊ ချီဖွေမြို့အနီးမှာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ ဝင်ရောက်လာနေတာကြောင့် ကျေးရွာတချို့က ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။
ချီဖွေမြို့ကနေ ၄ မိုင်အကွာမှာရှိတဲ့ ဂျိတ်လွယ်ကျေးရွာအနီးက ရှီးဇော်မှာ မြေရှားသတ္တုတူးဖော်ဖို့ တရုတ်လုပ်ငန်းရှင်က ရွာခံတွေကို အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ရွာခံတွေ သဘောမတူပေမဲ့ အတင်းလက်မှတ်လိုက်ထိုးခိုင်းနေတဲ့ သဘောပါ။ ဂျိတ်လွယ်ရွာက ရွာအနီးမှာ မြေရှားတူးဖို့ သဘောမတူဘူး။ တရုတ်လုပ်ငန်းရှင်က ရွာခံ ၂ ယောက်ကို ကြေးစားငှားသလိုပေါ့၊ အတင်းလက်မှတ်လိုက်ထိုးခိုင်းနေတယ်။”
ချီဖွေမြို့အနီးပတ်ဝန်းကျင်မှာ မြေရှားသတ္တုတူးဖော်ဖို့ လုပ်ဆောင်လာတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေ ကန့်ကွက်တဲ့နေရာတွေမှာ သတ္တုတူးဖော်ခွင့် မပြုတဲ့အတွက် အခုလို ဒေသခံတွေကို အတင်းအဓမ္မ လက်မှတ်လိုက်ထိုးခိုင်းနေတာလို့ ဆိုပါတယ်။
ဂျိတ်လွယ်ကျေးရွာကနေ ၂ မိုင်အကွာမှာရှိတဲ့ ဒေသခံတွေ စစ်ရှောင် ပြောင်းရွှေ့သွားကြပြီဖြစ်တဲ့ ရှီးဇော်ရွာဟောင်းကို ပြီးခဲ့တဲ့ ၂ လလောက်က စတင်ပြီး ရွာခံတွေဆီကနေ ထောက်ခံမှုလက်မှတ်တွေ ရဖို့ အတင်းအဓမ္မလုပ်ဆောင်ခိုင်းနေပြီး သတ္တုတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဂျိတ်လွယ်ကျေးရွာဟာ နေရပ်ပြန်လည်ထူထောင်နေဆဲ အိမ်ခြေ ၃၀ ကျော်သာရှိတဲ့ ကျေးရွာတခု ဖြစ်ပြီး ရွာပတ်ဝန်းကျင်မှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရောက်ရှိလာရင် ကျေးရွာ သောက်သုံးရေ၊ စိုက်ပျိုးမြေယာတွေ၊ စားကျက်မြေတွေ ထိခိုက်ဆုံးရှုံးကုန်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
“မြေရှားသတ္တုဆိုက်တွေ ရောက်လာရင် ဘေးနားကရွာတွေ အကုန်အဆိပ်သင့်ပြီပဲ။ သောက်ရေ သုံးရေက အစ စိုက်ပျိုးမြေယာတွေ အကုန်ပျက်စီးမှာလေ။ သူတို့ကတော့ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး လက်မှတ်ထိုးခိုင်းနေတာ။ အခု တဲတွေတောင် ဆောက်ထားပြီလေ။ ရွာခံတွေ သဘောတူတာနဲ့ လုပ်ငန်းစမယ်ပေါ့။”
ချီဖွေမြို့အနီးပတ်ဝန်းကျင်က ကျေးရွာနေ ပြည်သူတွေဟာ တောင်ကျချောင်းရေတွေကိုသာ အဓိက သောက်သုံးနေကြရဆဲဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကိုပဲ အဓိက အားထားနေရဆဲ ဖြစ်တာကြောင့် မြေရှားသတ္တုဆိုက်တွေ ဝင်ရောက်လာပြီး ချောင်းရေ၊ စိုက်ပျိုးမြေနဲ့ စားကျက်မြေတွေ ပျက်စီးမှာကို စိုးရိမ်နေကြပါတယ်။
အဲဒါကြောင့် လူနေထိုင်တဲ့ ကျေးရွာပတ်ဝန်းကျင်မှာ မြေရှားသတ္တုတူးဖော်တာကို တားမြစ်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင် KIO အစိုးရဆီကို ဂျိတ်လွယ်ဒေသခံတွေက ပြီးခဲ့တဲ့ ဧပြီလက စာနဲ့ လျှောက်တင် တောင်းဆိုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ချီဖွေမြို့နဲ့အနီး ဂျိတ်လွယ်ရွာအပြင် တခြားရွာတွေမှာလည်း မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းဆိုက်တွေ ဝင်ရောက်လာနေတာတွေ ရှိသလို ချီဖွေမြို့အနီး ရိတ်ဘန်းရွာ၊ နဘုတ်ရွာတွေမှာလည်း သတ္တုတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ချီဖွေခရိုင်မှာ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းဆိုက်တွေဟာ ပန်ဝါဒေသ တရုတ်နယ်စပ် နယ်မြေတကြောမှာ အများဆုံးဖြစ်ပြီး ချီဖွေမြို့နဲ့ အလှမ်းဝေးတဲ့ တောင်တန်းတွေမှာ တူးဖော်မှုတွေ ရှိခဲ့ရာကနေ ချီဖွေမြို့နဲ့ နီးကပ်လာနေတာ ဖြစ်ပါတယ်။
ဒေသခံတွေဟာ အခုလိုမျိုး မြေရှားလုပ်ကွက်တွေ မြို့၊ ရွာတွေနဲ့ နီးကပ်စွာ ကျယ်ပြန့်လာမှုတွေကို သဘောမတူဘဲ ကန့်ကွက်လိုပေမဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရင်ဆိုင်ရတာကြောင့် ကန့်ကွက်နိုင်ဖို့လည်း ခက်ခဲကြတယ်လို့ သိရပါတယ်။
ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ သိမ်းပိုက်ထားခဲ့ပါတယ်။










