DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များအတွက် ကယ်ဆယ်ရေးပစ္စည်း သွားပေးမည့် အဖွဲ့အစည်းအချို့ တားဆီးခံရ
DVB
·
December 2, 2017
စစ်ဘေးရှောင်များအတွက် ကယ်ဆယ်ရေးပစ္စည်း သွားပေးမည့် အဖွဲ့အစည်းအချို့ တားဆီးခံရ
Donate to DVB

ချင်းပြည်နယ် စစ်ဘေးရှောင်တွေအတွက် ကူညီ ကယ်ဆယ်ရေးပစ္စည်းတွေ သွားရောက် ပေးအပ်မယ့် ရခိုင်လူမှုအဖွဲ့အစည်းတချို့ကို ပလက်ဝ သက်ဆိုင်ရာ အာဏာပိုင်တွေက သွားရောက်ကူညီခွင့်မပြုဘဲ တားဆီးလိုက်တယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့ ညနေ ၈ နာရီက စစ်တွေမြို့၊ ဦးဥတ္တမလမ်းရှိ ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကွန်ရက် CSO ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ချင်းပြည်နယ် စစ်ဘေးရှောင်တွေအတွက် သွားရောက်ပြီး ကယ်ဆယ်ရေးပစ္စည်း ပေးအပ်မယ့် ခရီးစဉ် တားဆီခံရတယ်လို့ ဆိုပါတယ်။

ရခိုင်အရပ်ဘက်လူမှု အဖွဲ့အစည်းများကွန်ရက်အဖွဲ့ စီမံခန့်ခွဲမှူး ကိုကောင်းမြတ်ကျော်က “ကျနော်တို့ကို အစတုန်းကတော့ ခွင့်ပြုတာပေါ့နော်။ ခွင့်ပြုတယ်ဆိုတော့ ကျနော်တို့လည်း သွားတာပေါ့။ ပလက်ဝကို ရောက်တယ်။ ပလက်ဝအုပ်ချုပ်ရေးကလည်း ခွင့်ပြုတယ်။ နောက်နေ့ သွားမလို့လုပ်တော့ ခွင့်မပြုတော့ဘူး။ လုံခြုံရေးအရ ခွင့်မပြုတော့ဘူးဆိုပြီး ကျနော်တို့ကို လာပြောတယ်။ တခြားအဖွဲ့တွေ သွားလို့ ရနေလျက်သားနဲ့ ကျနော်တို့အဖွဲ့က ဘာကြောင့်သွားလို့ မရတာလဲ။ လုံခြုံရေးအရလို့ ပြောတယ်။ ဒါပေမယ့် ဒေသခံတွေက ပလက်ဝအထိ လာပြီးတော့ ကျနော်တို့ဆီကို အလှူပစ္စည်းတွေ လက်ခံဖို့ ရောက်လာတယ်။ အဲဒီမှာ စုန်ဆန်တက်နေတဲ့ မော်တော်ဘုတ်တွေ ရှိတယ်။ အဲဒီဟာတွေလည်း သွားခွင့်ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ကူညီကယ်ဆယ်ဖို့အတွက်ကျတော့ လုံခြုံရေးအရပါဆိုပြီးတော့ တားတယ်။ ကျနော်တို့လည်း လိုက်ရင် တစုံတရာဖြစ်ရင် ငါတို့ ဟန့်တားထားလျက်သားနဲ့ တစုံတရာ ဖြစ်သွားလို့ရှိရင် ကျနော်တို့ဘက်ကလည်း အာမခံချက် မရှိတဲ့အခါကျတော့ ပြန်ပြီးတော့ လှည့်လာတယ်။ အခုလို သက်ဆိုင်ရာအာဏာပိုင်တွေက ခွင့်မပြုဘဲ တားဆီးလိုက်လို့ ကူညီခွင့်မရတဲ့အတွက် စိတ်မကောင်း ဖြစ်နေကြပါတယ်” လို့ ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက်အဖွဲ့က အဖွဲ့ဝင် ကိုသန်းလှက ပြောပါတယ်။

“ကျနော်တို့ ဘာကြောင့် သွားရောက်ခွင့်မပြုတာလဲ၊ ဒီအပေါ်မှာ ကျနော်တို့ ဆိုးဆိုးဝါးဝါး ဖြစ်တယ်။ သူတို့ပြောတာ တခုပဲ ရှိတယ်။ လက်ရှိ နယ်မြေလုံခြုံရေး အခြေအနေအရ သွားရောက်ခွင့်မပြုနိုင်ဘူးလို့ ပြောတယ်။ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ ဆိုးဆိုးဝါးဝါး မြင်တယ်ပေါ့နော်။ တကယ်တမ်း ဒုက္ခရောက်နေတဲ့သူတွေကို ကူညီကယ်ဆယ်ဖို့ အပြည့်အဝနဲ့ တိုင်းရင်းသားအချင်းချင်း ကူညီဖို့ ရည်ရွည်ချက်နဲ့ သွားရောက်ခြင်းဖြစ်တယ်။ ဒီနေရာမှာ သူတို့အနေနဲ့ သွားရောက်ခွင့်မပြုတာ အရမ်းကို ခံစားရတယ်။”

အခုလို တားဆီးခံလိုက်ရတဲ့အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများထဲမှ တချို့တဝက်ကိုသာ ပလက်ဝမြို့ပေါ်မှာ လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သွားရောက်ခွင့်တားမြစ်လိုက်တဲ့ ကိစ္စအပေါ်နဲ့ပတ်သက်လို့ ချင်းပြည်နယ် ပလက်ဝ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က တားမြစ်တာ တစုံတရာမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ပလက်ဝအထက်မှာ လုံခြုရေးအခြေအနေရ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အန္တရာယ်ရှိနိုင်တယ်လို့ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ တားမြစ်တာမဟုတ်ဘူး ခင်ဗျ။ ကျနော်တို့ သူတို့ကို မတားဘူး။ လုံခြုံရေး အခြေအနေအရ အပေါ်ပိုင်းမှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်နေကြတယ်။ တခုခု ဖြစ်သွားရင် မကောင်းဘူး။ ဒီမှာပဲ လှူခဲ့ပါလားဆိုပြီးတော့ ကျနော်တို့က Requst လုပ်တာပါ ခင်ဗျ” လို့ ပြောပါတယ်။

နိုဝင်ဘာလဆန်းကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်တွေအကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၁၄၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ မီဇူရမ်ပြည်နယ်ထဲကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ပကာဝ၊ ပင်လယ်ဝ စတဲ့ ကျေးရွာတွေက ဒေသခံ တိုင်းရင်းသားတွေလည်း စစ်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ- ကောင်းမြတ်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013