
ရခိုင်ပြည်နယ်၊ ဂွမြို့ကို စစ်အာဏာရှင်တပ်က ဇူလိုင် ၁၃၊ ၁၄၊ ၁၅ ရက် ၃ ရက်ဆက်တိုက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပေါက်တောမြို့နယ်ကိုလည်း ဇူလိုင် ၁၅ ရက် ညနေပိုင်းက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သက်ဆိုင်ရာ မြို့နယ် ဒေသခံတွေဆီက သိရပါတယ်။
ဂွမြို့နယ်ရှိ စစ်အာဏာရှင်တပ်ရဲ့ တပ်ရင်းဌာနချုပ်ဟောင်းတွေကို ဇူလိုင် ၁၅ ရက် နေ့လယ် ၂၃ မိနစ်နဲ့ ၂၆ မိနစ်တို့မှာ ဂျက်တိုက်လေယာဉ် တစင်းနဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး ဂွမြို့နယ်ကို ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဂွဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဂွမြို့က တပ်ရင်းဟောင်းတွေကို ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းကလည်း ဂျက်ဖိုက်တာတစင်းနဲ့ ဗုံး၂ လုံး ကြဲချခဲ့တာ ရှိတယ်။ အရပ်သား အထိအခိုက်တော့ မရှိဘူး။ ဇူလိုင်လ ၁၄ ရက်နေ့ ညနေကလည်း ဂွမြို့က ရပ်ကွက် ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ရှိတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ကျေးရွာ ၃ ရွာကို ဗုံးအလုံး ၅၀ ကျော် ကြဲချခဲ့တာ ရှိတယ်။ ဗုံးကြဲတာ ၃ ရက်ဆက်တိုက် ရှိနေပြီ။ ဒေသခံတွေလည်း ရေဘေးဒုက္ခတမျိုး စစ်တပ်ဗုံးကြဲတာက တမျိုးနဲ့ ဒုက္ခတွေ ထပ်နေကြပြီ။ စိုးရိမ်မှုတွေလည်း အရမ်း မြင့်တက်နေကြတယ်။”
ဂွမြို့မှာ စစ်အာဏာရှင်တပ်ရဲ့ တပ်ရင်းဌာနချုပ်ဟောင်းတွေအဖြစ် ခမရ ၅၆၂၊ ခမရ ၅၆၃ တို့ တည်ရှိခဲ့ကြတာဖြစ်ပြီး အဲဒီတပ်ရင်းဌာနချုပ်ဟောင်းတွေကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၄ ရက် ညနေပိုင်းကလည်း ဂွမြို့ မြို့မရပ်ကွက်၊ သိမ်းကုန်ရပ်ကွက်နဲ့ ကင်းရုံရပ်ကွက်တို့ကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံး ၄ လုံးကြဲ တိုက်ခိုက်ခဲ့သလို ဇူလိုင် ၁၃ ရက်ကလည်း ဂွမြို့နယ် ကွင်းလျားရှည်ကျေးရွာ ပတ်ဝန်းကျင်၊ ရဟိုင်ကွင်းကျေးရွာ ပတ်ဝန်းကျင်နဲ့ ကျောင်းကုန်းကျေးရွာ ပတ်ဝန်းကျင်တွေကို ဂျက်ဖိုက်တာတစင်း၊ Y-12 တစင်းတို့နဲ့ ဗုံးအလုံးရေ ၅၇ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
ဇူလိုင်လအတွင်းမှာတင် ဂွမြို့နယ်ကို စစ်အာဏာရှင်တပ်က လေကြောင်း၊ ရေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉ ယောက်ထက်မနည်း ရှိလာပါတယ်။
ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်တပ်ရဲ့ တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံရပြီးနောက် စစ်တပ်က ဂွမြို့နယ်က ကျေးရွာတွေနဲ့ ရပ်ကွက်တွေကို လေကြောင်း၊ ရေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က ပြောထားပါတယ်။
ဂွမြို့နယ်ဟာ ဇူလိုင်လအတွင်းမှာတင် လေဆင်နှာမောင်းဒဏ်နဲ့ ရေကြီးမှုဒဏ်ကို ၂ ကြိမ်တိုင်တိုင် ခံထားရပြီး လေကြောင်းနဲ့ ရေကြောင်းတိုက်ခိုက်မှု ဒဏ်တွေကိုလည်း ဆက်တိုက်ခံနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပေါက်တောမြို့နယ် မနော်သီရီကျေးရွာကိုလည်း ဇူလိုင် ၁၅ ရက် ညနေ ၇ နာရီ ၂၀ မိနစ်နဲ့ ၇ နာရီ ၃၀ မိနစ်တွေမှာ ဂျက်ဖိုက်တာတစင်းနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ မနော်သီရီကျေးရွာသား အမျိုးသားတယောက်က ပြောပါတယ်။
“ဂျက်သံကြားလိုက်တုန်းပဲရှိသေးတယ်၊ ဗုံးက တခါတည်း ချသွားတာ။ ပထမတော့ ဆိပ်ကမ်းကို ဗုံးကြဲတယ်။ နောက်ထပ် ၁၀ မိနစ်လောက်နေတော့ ရွာထဲကို ထပ်ကြဲသွားတာ။ ထိခိုက်ဒဏ်ရာရရှိသွားသူ ၂ ဦးရှိတယ်။ အိမ်တွေလည်း ထိခိုက်ပျက်စီးမှုတွေ ရှိတယ်။ ဘာတိုက်ပွဲ၊ ဘာစစ်စခန်းမှ မရှိဘဲ တမင်ရည်ရွယ်ပြီး ဗုံးကြဲသွားတာ။”
စစ်အာဏာရှင်တပ်က ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွား ၂ ယောက်မှာ မနော်သီရီကျေးရွာက အသက် ၂၆ နှစ်အရွယ် မနှင်းစိုးနဲ့ ပေါက်တောမြို့နယ် င/ခူရှည်ကျေးရွာက အသက် ၅၃ နှစ်အရွယ် ဦးခင်ထွန်းဝင်းတို့ ဖြစ်ကြပါတယ်။
မနှင်းစိုးဟာ သူ့ရဲ့ ဘယ်ဘက်လက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဦးခင်ထွန်းဝင်းကတော့ ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှု ခံယူနေကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
အခုဗုံးကြဲတိုက်ခိုက်ခံရတဲ့ မနော်သီရိကျေးရွာဟာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့တို့ရဲ့ ကုလားတန်မြစ် တဘက်ကမ်းမှာ တည်ရှိကြတာလည်း ဖြစ်ပါတယ်။
စစ်တွေမြို့နယ်မှာ ဇူလိုင် ၁၃ ရက်ကတည်းက စစ်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ သူတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ မြို့နယ်တွေကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနဲ့ အိုး၊ အိမ် ပျက်စီးဆုံးရှုံးမှုတွေဟာ ဆက်တိုက်မြင့်တက်လာနေပါတယ်။










