
ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းရိုးတန်းအနီးမှာ လိုက်ဘေးရီးယားနိုင်ငံ အလံတင်ထားတဲ့ အာဖရာမက်စ် ရီအို ရေနံတင်သင်္ဘောဟာ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက သင်္ဘောသား ၂၃ ယောက်လုံးကို အောက်တိုဘာ ၆ ရက်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရုရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
သင်္ဘောသားတွေ အားလုံးဟာ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရသူ တယောက်မှ မရှိဘူးလို့ တယ်လီဂရမ်မှာ တင်ထားတဲ့ ဝန်ကြီးဌာနရဲ့ ဖော်ပြချက်မှာ ဆိုထားပါတယ်။
မီးတောက်မီးလျှံတွေ အားပျော့သွားတာနဲ့ မီးငြှိမ်းသတ်ဖို့အတွက် မီးသတ်သမားတွေမှာ လုံလောက် တဲ့ အင်အားနဲ့ ပစ္စည်းကိရိယာတွေ ရှိတယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တွေအရ အင်္ဂါနေ့က ဆိုချီမြို့အနီး ပင်လယ်နက်ပြင်မှာ သင်္ဘောတစင်း မီးလောင်နေတာကို တွေ့ရပြီး ကောင်းကင်ယံကို မီးခိုးမည်းတန်းကြီးတွေ ထွက်ပေါ်နေတာကို တွေ့ရပါတယ်။
အဆောက်အအုံတွေ၊ သစ်ပင်တွေနဲ့ ကမ်းရိုးတန်းတွေကို မူတည်ပြီး ရိုက်ကူးရာနေရာကို ရိုက်တာသတင်းဌာနက အရင်က မှတ်တမ်းဓာတ်ပုံတွေ၊ ဂြိုဟ်တုပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေး အတည်ပြုခဲ့ပါတယ်။
ရုရှားနိုင်ငံ ဆီးရီးယပ်စ် ဒေသန္တရအာဏာပိုင်တွေကလည်း ပင်လယ်နက်မှာ ရေနံတင်သင်္ဘော အာဖရာမက်စ် ရီအို မီးလောင်ခဲ့ကြောင်း အောက်တိုဘာ ၆ ရက်မှာ အတည်ပြု ပြောဆိုခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက်က နောက်ဆုံးရရှိတဲ့ သင်္ဘောသွားလာရာ ခြေရာခံအချက်အလက်တွေအရ အဲဒီသင်္ဘောဟာ ဆီးရီးယပ်စ် ကမ်းရိုးတန်းအနီး ပင်လယ်နက်ထဲမှာ ရှိနေတာကို တွေ့ရပါတယ်။ ဒီဗီဒီယိုကို အောက်တိုဘာ ၆ ရက် မတိုင်ခင်က အွန်လိုင်းပေါ် တင်ထားတာမျိုး လုံးဝမတွေ့ရှိရပါဘူး။
ရုရှားတောင်ပိုင်း ကရာ့စ်နိုဒါဒေသ ဆီးရီးယပ်စ်မြို့နယ်က အာဏာပိုင်တွေကလည်း သင်္ဘောပေါ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဒေသက ကမ်းခြေတွေကိုတော့ ပြည်သူတွေ ဝင်ထွက်သွားလာခွင့် ယာယီပိတ်ပင်ထားတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
Source: Reuters











