
ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့က ကျေးရွာတရွာထဲကို စစ်တပ်က ဧပြီ ၂၅ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက်သေဆုံးခဲ့ပါတယ်။
မနက် ၁၀ နာရီဝန်းကျင်မှာ ပြည်သူတွေရှိရာနေရာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အသက် ၁၇ နှစ်အရွယ် မိန်းကလေး ၁ ယောက်နဲ့ လူလတ်ပိုင်း အမျိုးသား ၂ ယောက် သေဆုံးပြီး နောက် ၂ ယောက်က ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိသူတယောက်က “စစ်တပ်က ၁၂၀ တွေနဲ့ လှမ်းပစ်တယ်ပေါ့နော်၊ ပြီးတော့ suicide drone တွေလည်း သုံးတယ်၊ ဒရုန်းလာကြဲတာလည်း ရှိတာပေါ့၊ ပြည်သူတွေတော့ ရှောင်နေရတာပေါ့၊ ထိခိုက်မိတာလည်း ရှိတာပေါ့” လို့ ပြောပါတယ်။
စစ်တပ်ဟာ မိုးဗြဲကနေတဆင့် ဒီးမော့ဆိုဘက်ကို စစ်ကြောင်းထိုးဖို့ လုပ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး စစ်တပ်လက်နက်ကြီးနဲ့ ဒရုန်းကြောင့် ပြည်သူ သေဆုံးနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့ကလည်း စစ်တပ်က နန်းမယ်ခုံဒေသကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံလူငယ် ၁ ယောက် သေဆုံးပြီး ၁ ယောက်က ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။











