DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် လယ်သမားများ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ
DVB
·
November 23, 2017
ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် လယ်သမားများ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ
Donate to DVB

ဧရာဝတီတိုင်းအတွင်း အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် လယ်သမားတွေဟာ ရိတ်သိမ်းခါနီးစပါးပင်လဲပြိုတာတွေ ရိတ်သိမ်းပြီးနေလှန်းထားတဲ့စပါးတွေ မိုးမိတာကြောင့် ပျက်စီးတာတွေ အလေအလွင့်များပြီး ဈေးကောင်းမရတော့တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံလယ်သမားတွေဆီက သိရပါတယ်။

ရိတ်သိမ်းချိန်ရောက်နေတဲ့ စပါးတွေဟာလဲပြိုပြီး ရေထဲပြန်နစ်နေတာကြောင့် အညောင့်ထွက်တာတွေ ဖြစ်နေပေမယ့် ရိတ်သိမ်းမရသေးဘဲ စောင့်ဆိုင်းနေရပြီး နေလှန်းစပါးတွေ မိုးစိုကုန်တာကြောင့် ဆန်စက်တွေကို အမြန်သွားပို့နေတာတွေကြောင့် ဆန်စက်တွေမှာ စပါးတွေပုံနေပြီး စပါးဈေးတွေလည်း အဆမတန် ကျဆင်းနေတာကြောင့် အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

“မိုးအဆက်မပြတ်ရွာနေလို့ စပါးတွေ မိုးမိလို့အရိုးနာလာပြီး အလေအလွင့် အရမ်းများ နေတယ်။ မိုးရွာတာရယ် အောက်ရေတိုးတာရယ်ကြောင့် စပါးရိတ်တာမှာ အခက်အခဲတွေ ကြုံနေရတယ်။ ရိတ်ပြီးတဲ့သူက ကသင်းပေါ်တင်ထားရင်လည်း မိုးကဆင့်ရွာတော့ ဟိုဘက်လှန်ဒီဘက်လှန်နဲ့ စပါးကောင်းမရတော့ဘူး အဲ့ဒါကြောင့် စပါးဈေးတွေလည်း အဆမတန်ကျနေပေမယ့် ရောင်းနေရတာပဲ” လို့ မော်လမြိုင်ကျွန်းမြို့နယ် ပျားမွှတ်ရှော်ချောင်းကျေးရွာက လယ်သမားဦးသန်းလွင် ကပြောပါတယ်။

စပါးရိတ်ချိန်နောက်ကျတာကြောင့် မိုးစပါးအပြီး ဆောင်းစပါးဆက်စိုက်ဖို့လည်း နောက်ကျသွားသလို စပါးဈေးတွေကလည်း ပေါ်ဆန်းဘေးကြားဆိုရင် အရင်က တင်းတစ်ရာကို ၇ သိန်း ၅ သောင်း ပေါက်ဈေးရှိနေတာကနေ ၅ သိန်းလောက်အထိ ပြုတ်ကျသွားသလို ဧည့်မထစပါးတွေကတော့ ၅ သိန်း ၅ သောင်းဈေးကနေ ၄ သိန်းလောက်အထိ ပြုတ်ကျသွားတယ်လို့ ဒေသခံလယ်သမားတွေက ဆိုပါတယ်။

“လောလောဆယ် စိုက်ပျိုးရေးဌာနနဲ့ချိတ်ဆက်တော့လည်း သူတို့ကအမိုးအကာရအောင် အချိန်မီလုပ်ဖို့ပြောတယ်။ ဧရာဝတီတိုင်းက လယ်သမားတွေ အနေနဲ့က အလုပ်သမားရှားပါးမှုနဲ့ ကြုံနေရတာနဲ့လည်းဆိုင်တယ်။ အလုပ်သမားမရလို့ နောက်ကျစိုက်တော့ ရိတ်သိမ်းချိန်နောက်ကျတာမှာ ရိတ်ခါနီးကျ မိုးရွာတာနဲ့ထပ်ကြုံတော့ ထပ်ပြီး ဒုက္ခရောက်တာပေါ့” လို့ မြန်မာနိုင်ငံလွတ်လပ်သောတောင်သူလယ်သမားများအသင်း ဘိုကလေးမြို့နယ် တာဝန်ခံ ဦးအောင်သိန်းနိုင်ကပြောပါတယ်။

စိုက်ပျိုးရေးဌာနအနေနဲ့ကတော့ လတ်တလောမှာ ခရိုင်အလိုက် ပျက်စီးဆုံးရှုံးတဲ့ အနေအထား ဧကစာရင်း ထိခိုက်မှုဧရိယာစာရင်း တွေကိုကောက်ယူနေပြီး ဆုံးရှုံးမှုအများကြီး မရှိနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဋ္ဌာန စီမံကိန်းဋ္ဌာန ဦးစီးမှူး ဦးမြင့်လွင်က ပြောပါတယ်။

“အခုခေတ်အနေအထားက နဂိုကလောက်တော့ မဆုံးရှုံးနိုင်ဘူးပေါ့။ အခုခေတ်က စပါးတွေကို ချက်ချင်းရိတ်ပြီးစက်တွေနဲ့ ချက်ချင်းရှင်းတာမြန်တော့ အလေအလွင့် သိပ်မရှိ နိုင်ပါဘူး။ နဂိုတုန်းကတော့ ရိတ်ပြီးတဲ့စပါးတွေကို လယ်ကသင်းပေါ်ပုံတာတွေရှိတော့ မိုးရွာရင်ပျက်စီးတာပေါ့။ အခုတော့ ရိတ်ပြီးတာနဲ့တန်းခြွေကြ၊ ဆောင်းသီးနှံဆက်စိုက်ကျနဲ့ ပြသနာတော့သိပ်မရှိနိုင်ပါဘူး” လို့ ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဋ္ဌာန စီမံကိန်းဋ္ဌာနဦးစီးမှူး ဦးမြင့်လွင်က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ရေကြီးနစ်မြုပ်မှုတွေကြောင့် လယ်ဧက ၁ သိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013