
ပဲခူးတိုင်း၊ ပဲခူးမြို့မှာ စက်တင်ဘာ ၁ ရက် ညပိုင်းကစလို့ မြစ်ရေမြင့်တက်လာပြီး ပဲခူး-ရန်ကုန် ကားလမ်း ရေကျော်နေသလို အနိမ့်ပိုင်းရပ်ကွက်တွေလည်း ရေမြှုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇောင်းတူချောင်းဖျားမှာ ရေတက်နေတာကြောင့် ပဲခူးဘက်ကို ရေလွှတ်ချလို့ ဇိုင်းမြောက်၊ ကျောက်ကြီးစု၊ ၁ လမ်း၊ ခေါင်းဆေးကျွန်းရပ်ကွက် ရေမြှုပ်နေသလို ရန်ကုန်- ပဲခူးကားလမ်းလည်း ရေတက်နေပြီလို့ ဆိုပါတယ်။
ပဲခူးမြို့ဒေသခံတယောက်က “ရေက အနိမ့်ပိုင်းတွေအကုန်ရေစဝင်နေပြီ။ ရန်ကုန်- ပဲခူး လမ်းမပေါ် ခေါင်းဆေးကျွန်း ၁ လမ်းနေရာလည်း ရေရှိတယ်။ ဇောင်းတူချောင်းဖျားမှာ ရေတက်နေတော့ ဒီဘက်ကို ရေနည်းနည်းစီ လွှတ်နေတာ။ ရန်ကုန်- ပဲခူးလမ်းတော့ ကားသွားလို့ရသေးတယ်။ ရေက ထပ်တက်မဲ့ အခြေအနေမှာရှိတယ်”လို့ DVB ကိုပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ ပဲခူးမြို့က ပဲခူး မြစ်ရေဟာ စိုးရိမ်ရေအမှတ်အောက်ရှိနေပေမဲ့ မိုးများပြီးတောင်ကျချောင်းရေ စီးဆင်းတာကြောင့် မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်လာတာလို့ ထုတ်ပြန်ပါတယ်။
ဒေသခံတယောက်ကလည်း “ဒေသခံတွေ ပြောင်းတော့ မပြောင်းကြသေးဘူး။ ဒီအတိုင်း ပဲအိမ်မှာပဲ နေကြတုန်း။အခုရေဝင်တဲ့နေရာတွေက ရေဝင်နေကျဆိုတော့ ရိုးနေပါပြီ။ ဇောင်းတူဘက်ကဆည်က ရေနည်းနည်းစီလွှတ်တာ။ ဆည်ရေလျှံမှာစိုးလို့လေ။ ရေများရင် အဲဒီလိုလုပ်နေကြပဲ။ တနေ့က မိုးတော်တော်များတယ်။ မနေ့ကရော ဒီနေ့ပါမိုးရွာနေတာ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ခဲ့ပြီး ကလျာဏီ၊ မြို့သစ်၊ ကျောက်ကြီးစုနဲ့ ဇိုင်းတောင်ရပ်ကွက်တွေကို ရေဝင်ရောက်ခဲ့ပါတယ်။











