DVB Logo
Home
နိုင်ငံတကာ
တရုတ်သရုပ်ဆောင် ဝမ်ရှင်းအား လူကုန်ကူးပြန်ပေးဆွဲမှုဖြင့် ကျားဖြန့်ဂိုဏ်းဝင် ၁၇ ဦးကို တရားစွဲဆို
DVB
·
August 20, 2026
ကျားဖြန့်ဂိုဏ်းမှ ပြန်လွတ်လာပြီးနောက် ဇန်နဝါရီ ၇ ရက်က ဘန်ကောက် လေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်သရုပ်ဆောင် ဝမ်ရှင်း။ (Photo: Global Times)
ကျားဖြန့်ဂိုဏ်းမှ ပြန်လွတ်လာပြီးနောက် ဇန်နဝါရီ ၇ ရက်က ဘန်ကောက် လေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်သရုပ်ဆောင် ဝမ်ရှင်း။ (Photo: Global Times)
Donate to DVB

တရုတ်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ကို ကရင်ပြည်နယ် မြဝတီရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းဆီ ပြန်ပေးဆွဲခေါ်ဆောင်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းဝင် ၁၇ ယောက်ကို နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနဲ့ တရားစွဲဆိုလိုက်ပြီလို့ တရုတ်နိုင်ငံပိုင် Global Times သတင်းဌာနက ဩဂုတ် ၁၉ ရက်မှာ ဖော်ပြပါတယ်။

ရာဇဝတ်ဂိုဏ်းဝင် ၁၇ ယောက်ကို လူပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ တရားမဝင် ပိတ်လှောင်ထားမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုနဲ့ တယ်လီကွန်း အွန်လိုင်းလိမ်လည်မှုတွေမှာ အဓမ္မ ခိုင်းစေမှု အပါအဝင် စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုလိုက်တာလို့ CCTV သတင်းကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားတာပါ။

သံသယရှိသူ ၁၇ ယောက်ကို တရုတ်နိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ စိစစ်ပြီးနောက် ရှန်ဟိုင်းမြို့ ပြည်သူ့အစိုးရ ရှေ့နေရုံးခွဲ ၂ က တရားစွဲဆိုချက်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

အစိုးရ ရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်အရ အဆိုပါရာဇဝတ်ဂိုဏ်းဟာ မြန်မာနိုင်ငံ၊ မြဝတီဒေသမှာ အခြေစိုက်လှုပ်ရှားခဲ့တာဖြစ်ပြီး ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေကို မက်လုံးပေး အသုံးပြုကာ သရုပ်ဆောင် ဝမ်ရှင်း အပါအဝင် တရုတ်နိုင်ငံသားတွေကို ပြည်ပကို မျှားခေါ်ကာ လူကုန်ကူးခဲ့ကြတာပါ။

ဒီနောက် လက်နက်ကိုင်တွေက အဓမ္မစေခိုင်းပြီး လုယက်၊ ရိုက်နှက်၊ တရားမဝင် ပိတ်လှောင်တာတွေလုပ်ခဲ့သလို အမျိုးသမီး သားကောင်တချို့မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ အဓမ္မ ပြည့်တန်ဆာလုပ်ခိုင်းတာတွေ ခံခဲ့ရပြီး တချို့မှာ မြန်မာနိုင်ငံရှိ လိမ်လည်မှုစခန်း (Scam Compounds) တွေမှာ ရောင်းစားခံရကာ တယ်လီကွန်း လိမ်လည်မှု လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

မြဝတီဒေသရှိ ကျားဖြန့်စခန်းတခုကို လူကုန်ကူးခံခဲ့ရတဲ့ တရုတ်သရုပ်ဆောင် ဝမ်ရှင်း ပါဝင်တဲ့အမှုဟာ တရုတ်၊ ထိုင်းနဲ့ မြန်မာ ပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် အထူးစိတ်ဝင်စားခဲ့တဲ့ ဖြစ်ရပ်တခုဖြစ်ခဲ့တာပါ။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်မှာ ဝမ်ရှင်းဟာ ဘန်ကောက်မှာ ရိုက်ကူးမဲ့ ရုပ်ရှင်အတွက် သရုပ်ဆောင်တွေရှာဖွေနေတဲ့ WeChat အုပ်စုမှာ သရုပ်ဆောင်ခေါ်ယူတဲ့ ကြော်ငြာကိုတွေ့ပြီး တွဲဖက်ဒါရိုက်တာလို့ အမည်ခံထားသူတယောက်ထံ WeChat မှတဆင့် ဆက်သွယ်ကာ ရုပ်ရှင်ရိုက်ကူးမဲ့ကိစ္စ ဆွေးနွေးခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်မှာ ဘန်ကောက်လေဆိပ် ရောက်ရှိပြီးနောက် ဝမ်ရှင်းကို ထိုတွဲဖက်ဒါရိုက်တာဆိုသူ စီစဉ်ပေးတဲ့ကားနဲ့  ထိုင်း-မြန်မာ နယ်စပ်ဒေသမှတဆင့် မြဝတီမြို့ရှိ စခန်းတခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ကျားဖြန့်အွန်လိုင်း ငွေလိမ်တဲ့နေရာကို ရောက်ရှိသွားတာပါ။

ဇန်နဝါရီ ၅ ရက် ညနေပိုင်းမှာ သရုပ်ဆောင် ဝမ်ရှင်း ထိုင်း-မြန်မာနယ်စပ် အနီး ပျောက်ဆုံးသွားကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းထွက်ပေါ်လာခဲ့ပြီးနောက် ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက ထိုင်းအာဏာပိုင်တွေ ဝမ်ရှင်းရဲ့ မိသားစုတွေနဲ့ နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်ပြီး ဝမ်ရှင်းကို ရှာဖွေဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့ကြတာပါ။

ဇန်နဝါရီ ၇ ရက်မှာ ကရင်နယ်ခြားစောင့်တပ် (BGF)က  ဝမ်ရှင်းရဲ့ တည်နေရာကို ထိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီးနောက်  ထိုင်းဘက်ကို လွှဲပြောင်းပေးခဲ့ကာ ဒီနောက်မှာ ဝမ်ရှင်းဟာ တရုတ်နိုင်ငံကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိနိုင်ခဲ့ပါတယ်။

ဒီနောက်မှာ ဝမ်ရှင်းရဲ့ အမှုမှာ အဓိက သံသယရှိသူတဲ့ ဝမ်ရှင်းနဲ့ ဆက်သွယ်ခဲ့တဲ့ တွဲဖက်ဒါရိုက်တာနဲ့ ကျားဖြန့်ဂိုဏ်းသားတွေကိုလည်း ဖမ်းဆီးရမိခဲ့ကာ တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး  အခုမှ စတင်တရားစွဲဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Global Times 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013