ရာသီဥတု ပူပြင်းလာသဖြင့် ရာဘာအစေးအထွက်နှုန်း ကျဆင်း
DVB
·
November 19, 2017

မွန်ပြည်နယ် ရေးမြို့နယ်ထဲက ရာဘာရာသီအချိန်မှာ ရာသီဥတုအပူချိန် ပူပြင်းလာတဲ့အတွက် အစေးအထွက်နှုန်းတွေ ကျဆင်းနေတယ်လို့ ရာဘာစိုက်ပျိုးတောင်သူတွေက ပြောပါတယ်။
ရာဘာအစေးလှီးတဲ့ အချိန်ကာလမှာ အပူချိန်ဟာ အရင်နှစ်တွေကထက် ပူပြင်းနေပါတယ်။
ဆောင်းတွင်းဝင်ချိန်ရောက်လာပေမယ့် မအေးဘဲ ပူပြင်းပြီး မိုးကွက်ကျားရွာသွန်းနေတဲ့အတွက် အခုလို အစေးထွက်နှုန်း ကျဆင်းခဲ့တာပါ။
အစေးကနေတဆင့် ရာဘာပေါင် ၁၀၀ လောက်ထွက်မယ့်ခြံဟာ အခု ရက်သတ္တပတ်အတွင်းကစပြီး ပေါင် ၈၀ လောက်သာ ရရှိတယ်လို့ ရာဘာစိုက်ပျိုးတောင်သူ ဦးအောင်ကျော်မိုးက ပြောပါတယ်။
ရာဘာအစေးထွက်နှုန်းကျဆင်းမှုနဲ့အတူ ရာဘာဈေးနှုန်းကလည်း အရင်နှစ်တွေကထက် ကျဆင်းနေတာကြောင့် ရာဘာခြံရှင်တွေအနေနဲ့ ဝင်ငွေရရှိမှုနှုန်း ကျဆင်းခဲ့ရပါတယ်။
အခုနှစ်မှာ ဒေသရာဘာပေါက်ဈေး ၁ ပေါင်မှာ ၆၆၀ ဝန်းကျင်လောက်သာ ရရှိပြီး အရင်နှစ်ရာသီမှာတော့ ရာဘာ ၁ ပေါင်ကို ၁၂၀၀ နီးပါးအထိ ဈေးကောင်းရရှိခဲ့ပါတယ်။
ရေးမြို့နယ်အတွင်းမှာ ရာဘာအစေးခြစ်စိုက် ဧကပေါင်း ၁ သိန်းခွဲ ဝန်းကျင်အထိ ရှိနေပြီး ထွက်ရှိလာတဲ့ ရာဘာကုန်ကြမ်းတွေကို နိုင်ငံတကာဈေးကွက်မှာ ဈေးကောင်း ရရှိဖို့အတွက် သန့်စင်ရာဘာထုတ်လုပ်သွားဖို့ကိုလည်း ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ စီစဉ်နေတယ်လို့ သိရပါတယ်။