
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က မစ်တောင်း မန်ဟန်တန်မှာရှိတဲ့ ဖှိုက်ဇာ ရုံးချုပ်ဟောင်းကနေ လူနေအဆောက်အအုံအဖြစ် ပြောင်းထားတဲ့ အဆောက်အအုံမှာ အုတ်ခဲတွေ ပြုတ်ကျပြီး တိုင်မကြီးတွေ ကွေးကုန်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကို လက်ခံရရှိခဲ့တယ်လို့ နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီက ပြောပါတယ်
ဇူလိုင် ၇ ရက်မနက် ၈ နာရီ လောက်က ဒုတိယနဲ့ တတိယလမ်းကြားမှာရှိတဲ့ အရှေ့ ၄၂ လမ်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ အုတ်တွေ ပြုတ်ကျတဲ့ သတင်းတွေ လက်ခံရရှိခဲ့တယ်လို့ နယူးယောက်မြို့ မီးသတ်ဌာန (FDNY) က ပြောပါတယ်။
နောက်ပိုင်းမှာ ၂၁ ထပ်မြောက်မှာ ကွေးညွှတ်နေတဲ့ တိုင် ၂ တိုင်၊ အက်ကွဲကြောင်း အတော်များများနဲ့ တွဲကျနေတဲ့ ကြမ်းပြင်တွေအပါအဝင် ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေကို ပထမတုံ့ပြန်သူတွေက တွေ့ရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ အလုပ်သမားအားလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။
အဆောက်အအုံအပြင် အနီးအနားက အထပ်မြင့် အဆောက်အအုံ အတော်များများကိုလည်း ဘေးကင်းရေးအဖြစ် ဖယ်ရှားခဲ့ပါတယ်။
ကလေး အယောက် ၄၀၀ လောက်ရှိတဲ့ ကျောင်းတကျောင်းကိုလည်း ကြိုတင်ကာကွယ်မှု အဖြစ် ရှင်းလင်းခဲ့ပါတယ်။
ပထမနဲ့ တတိယလမ်းကြားက ၄၂ လမ်းနဲ့ ၄၃ လမ်းက နေရာအများစုကို လမ်းသွား လမ်းလာတွေနဲ့ ယာဉ်တွေအတွက် ပိတ်ထားခဲ့ပါတယ်။
မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း ၁၅၀ လောက်နဲ့ သက်ဆိုင်ရာ အဖွဲ့ ၅၀ ကျော်လည်း အခင်းဖြစ်ပွားရာနေရာမှာ ရှိနေခဲ့တယ်လို့ မီးသတ်မင်းကြီး လီလီယန် ဘွန်ဆိုင်းနိုးက ပြောပါတယ်။
Source:Reuters










