DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးစစ်ဆေးခံနေရသည့် စမ်းချောင်းမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လွတ်လာ
DVB
·
August 27, 2026
Photo: Zar Lay
Photo: Zar Lay
Donate to DVB

ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရန်ကုန်၊ စမ်းချောင်းမြို့နယ်က အုပ်ချုပ်ရေးမှူးတချို့ ဩဂုတ် ၂၆ ရက် မနေ့ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီး နေအိမ်အသီးသီးကို ရောက်နေပြီလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စမ်းချောင်းမြို့နယ်၊ ရပ်ကွက် ၇ ခုမှာ ကန်ထရိုက် ဦးတင်ဝင်းက လူနေထိုင်ခွင့် မလျှောက်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး ကန်ထရိုက်တိုက်တွေ ဆောက်လုပ်ခဲ့တာနဲ့ပတ်သက်လို့ အဲဒီ အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးစစ်ဆေးခဲ့ရတာလို့ သိရပါတယ်။

စမ်းချောင်းမြို့နယ် မုန့်/တောင်ရပ်ကွက်မှာ နေထိုင်သူ တယောက်က “ညနေပိုင်း ၄ နာရီ ဝန်းကျင်လောက်ကပါ၊ လတ်တလော သိထားသလောက်ကတော့ ဟိုမှာ သူတို့ကို ရိုက်တာ နှက်တာတွေတော့ မလုပ်ဘူးလို့ ပြောတယ်။ အခန်းထဲပဲ သိချင်တာတွေ မေးတယ် စစ်တယ်။ ဒီလောက်ပဲလို့တော့ ပြောတယ်။ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်တာလား၊ မလွှတ်ပေးတာလားတော့ မသိဘူး၊ ကိုယ်တွေ ရပ်ကွက် အုပ်ကြီး လွတ်လာတာတော့ အမှန်ပါ” လို့ ပြောပါတယ်။

ဝေဠုဝန်(မြောက်)၊ ဝေဠုဝန်(တောင်)၊ မုန့်လုပ်ဆောင်းကုန်း(မြောက်)၊ မုန့်လုပ်ဆောင်းကုန်း (တောင်)၊ သံတံတားရပ်ကွက်၊ လင်းလွန်း (မြောက်)၊ လင်းလွန်း(တောင်) ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးတွေကို စစ်အာဏာရှင် အစိုးရ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက အစည်းအဝေး ခေါ်ကာ ဩဂုတ်လ ဒုတိယပတ်ထဲမှာ ရေကြည်အိုင် စစ်ကြောရေးစခန်း၊ ကုန်းမြင့်သာစစ်ကြောရေး စခန်းတွေမှာ ဖမ်းဆီးစစ်ဆေးခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဘာပြစ်မှုမှတော့ ခေါင်းစဉ်မတပ်ဘူး။ ကန်ထရိုက်ကို ခွင့်ပြုချက်မရှိဘဲ ဆောက်လို့ အစိုးရဘက်က သက်သေအနေနဲ့ ခေါ်စစ်တဲ့သဘော၊ အလုပ်ကတော့ ပြုတ်တာတွေ ဘာတွေတော့ မရှိသေးဘူး။ အလုပ်ဆက်လုပ်လို့ ရသေးတယ်လို့ ပြောတယ်။ အခု လွတ်တာတော့ အုပ်ကြီးတွေပဲ။ ကျန်တဲ့သူတွေကတော့ နောက်အပတ်မှလို့ သိရတယ်”လို့ ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးခဲ့စဉ်အချိန်က လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း (EPC) က မန်နေဂျာနဲ့ စာရေးမတို့အပြင် ကန်ထရိုက်တာ ဦးတင်ဝင်းနဲ့ စည်ပင်က ဝန်ထမ်းတချို့လည်း ဖမ်းဆီးစစ်ဆေးခံရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စမ်းချောင်းမြို့နယ်မှာ လူနေထိုင်ခွင့် (BCC) မကျသေးဘဲ ဆောက်လုပ်ထားတဲ့ ကန်ထရိုက်တိုက် ၃၀ ကျော်ကို စစ်အာဏာရှင်လက်အောက်ခံ စည်ပင်က ပိတ်သိမ်းထားပါတယ်။

အဲ့ဒီကန်ထရိုက် တိုက်ခန်းတွေကို ကြိုပွိုင့်စနစ်နဲ့ ဝယ်ယူထားပြီး နေထိုင်နေသူတွေကတော့ လက်တလောမှာ ပစ္စည်းတွေ ဖယ်ရှားရှင်းလင်းပေးခဲ့ရတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013