
အာရက္ခတပ်တော် (AA) က နယ်မြေအများဆုံး ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကတဆင့် တက်လာတဲ့ ဦးနိုင်ဦးကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီဟာ မြို့နယ်အများအပြားကို လက်လွှတ်ထားရပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်စတဲ့ မြို့ပေါ်ဧရိယာ အနည်းငယ်မှာပဲ အာဏာစက်ရှိတော့တာပါ။
ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကြံ့ခိုင်ရေးအမတ် ဦးနိုင်ဦးကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဧပြီ ၆ ရက်က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ခန့်အပ်ခဲ့တာပါ။
စစ်ဗိုလ်ချုပ်ဟောင်းတယောက်ဖြစ်တဲ့ ဝန်ကြီးချုပ်အနေနဲ့ ရခိုင်ပြည်နယ်မှာ ဘာတွေ လုပ်နိုင်မှာလဲ၊ ရခိုင်နိုင်ငံရေးလေ့လာသူတွေနဲ့ ဒေသခံတွေကရော ဘယ်လို အမြင်တွေ ရှိနေကြပါလဲ ဆိုတဲ့ အမေးကိုတော့ ရခိုင်ပြည်သူတွေအတွက် ဘာမှ ထူးခြားလာမှာမဟုတ်ဘူးလို့ ရခိုင်က တက်ကြွလှုပ်ရှားသူတယောက်က သုံးသပ်ပါတယ်။
ရခိုင် တက်ကြွလှုပ်ရှားသူတယောက်က “ဒီရခိုင်ပြည်နယ်အစိုးရ ဖွဲ့တာပဲဖြစ်ဖြစ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ခန့်တာပဲဖြစ်ဖြစ်၊ ရခိုင်ပြည်သူပြည်သားတွေအတွက်ကတော့ ဘာမှ အကျိုးသက်ရောက်မှု မရှိနိုင်ပါဘူး။ ပြီးတော့ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေကလည်း အရမ်းကျဉ်းသွားပြီလေ။ ကျောက်ဖြူ ဆိုရင်လည်း မြို့ပေါ်လောက်ပဲ ရှိမယ်၊ စစ်တွေဆိုရင်လည်း မြို့ပေါ်လောက်ပဲ ရှိမယ်၊ မာန်အောင်တကျွန်းပေါ့နော်၊ ဒါက ပြည်နယ်အစိုးရရဲ့ အာဏာစက်အောက်မှာ ရှိမဲ့နေရာတွေလို့ ပြောလို့ရတယ်ပေါ့။ ဆိုတော့ ရခိုင်ပြည်သူတွေအတွက်ကတော့ ဒါက စိတ်ဝင်စားမှုမရှိပါဘူး ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့။ ရခိုင်ပြည်နယ်မှာ ရခိုင်လူထု စိတ်ဝင်စားတာက ဒီအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုပဲ စိတ်ဝင်စားကြတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာသူ ဦးနိုင်ဦးဟာ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း တယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။
ဦးနိုင်ဦးကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်တာပါ။
စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မှာ မြို့နယ် ၃ ခုလောက်သာ ကျန်တော့တဲ့အခြေအနေမှာ ၁၇ မြို့နယ်လုံးအတွက် ကိုယ်စားလှယ်စာရင်း ထုတ်ပြန်တာဟာ နိုင်ငံတကာကို လှည့်စားပြီး သူတို့ရဲ့ တရားဝင်မှုကို ပြသချင်တာလို့ နိုင်ငံရေးလေ့လာသူ ဦးမျိုးကျော်ကတော့ သုံးသပ်ပါတယ်။
“ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်မှာ ၃ မြို့နယ် ကျန်တယ်၊ အဲဒီမှာမှ ၂ မြို့နယ်ရဲ့ တဝက်လောက်မှာပဲ ဆန္ဒမဲ ပေးလို့ရတယ်။ ဒါပေမဲ့ ရလဒ် ထွက်လာတဲ့အခါမှာ ၁၇ မြို့နယ် ကိုယ်စားလှယ် စာရင်း ထွက်လာတယ်။ အမှန်အတိုင်း ပြောရရင် ကျနော်တို့ ရခိုင်မှာ ရခိုင်ပြည်သူတွေရဲ့ မဲနဲ့ ရခိုင်ပါတီတွေ အများစု နိုင်ခဲ့စဉ်ကတောင်မှ ကျနော်တို့ ရခိုင်ပါတီကိုယ်စားလှယ်တွေက အစိုးရဖွဲ့ခွင့်၊ တနည်းအားဖြင့်ပြောရင် ဝန်ကြီးချုပ် မရခဲ့ဘူးလေ။ ဒီဟာကလည်း အဓိက ပြဿနာက ၂၀၀၈ ရလဒ် (ဖွဲ့စည်းပုံ) ကို ကိုင်ပြီးတော့ ပြည်ထောင်စုအစိုးရလို့ ပြောမလား၊ သူတို့တွေရဲ့ အာဏာရှင်ဆန်မှုကို ခံနေရတာပဲ။ ပြည်သူတွေက အကြမ်းဖက်မှုရဲ့ ခြိမ်းခြောက်မှု ခံနေရတယ်။ အဲဒီ အချိန်မှာ ပြည်သူ့မျက်နှာကို မကြည့်ဘဲနဲ့ အခုလို ပေါ်ပေါ်တင်တင် အစိုးရ ဖွဲ့လာတယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်လာတဲ့ အမြင်ကတော့ အင်မတန် စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့၊ အကြမ်းဖက် မအလကို အားပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ လူတွေလို့ပဲ ကျနော် ပြောချင်ပါတယ်။”
တဖက်မှာလည်း နိုင်ငံရေးအရ အမည်ခံအစိုးရအပြောင်းအလဲတွေ ရှိနေပေမဲ့ မြေပြင်က စစ်ဘေးရှောင်ပြည်သူတွေအတွက်ကတော့ ဝန်ကြီးချုပ်အသစ်ဆိုတာထက် တနေ့တာ ဝမ်းရေးက ပိုပြီး စိုးရိမ်စရာ ဖြစ်နေပါတယ်။
လက်ရှိမှာ စစ်တွေမြို့ရှိ စစ်ဘေးရှောင်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက လူတယောက်ကို တလ ကျပ် ၂၀,၀၀၀ နှုန်းနဲ့ ၃ လစာ ထောက်ပံ့ပေးခဲ့ပြီး လက်ရှိအချိန်ထိ ဘာအထောက်အပံ့တခုမှ မရရှိတော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ရခိုင်က မတရားအကျဉ်းချခံထားရတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ နေရပ်ပြန်ပို့ပေးမဲ့ ကတိတွေ ထားရှိခဲ့ပေမဲ့ လက်ရှိမှာတော့ အကောင်အထည်မဖော်နိုင်သေးတဲ့အပြင် အာဏာရှင်တွေရဲ့ လက်အောက်မှာ ပိုမိုဖိနှိပ်ခံရမှာကို စိုးရမ်ကြောက်ရွံ့ နေကြရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တယောက်က “ကျနော်တို့ စိုးရိမ်တာက ဒီထက်ပိုပြီး ဒုက္ခပေးလာမှာကိုလည်း စိုးရိမ်တယ်၊ အာဏာက သူတို့လက်ထဲမှာပဲ ရှိနေတော့ ဘယ်လိုလုပ်လာမလဲဆိုတာတော့ မပြောတတ်သေးပါဘူး။ ခုလောလောဆယ်တော့ စောင့်ကြည့်နေရတုန်းပါ။ အခု ကြံ့ခိုင်ရေးအစိုးရ အာဏာရလာတဲ့အတွက် ကျနော်တို့အပေါ် ပိုပြီးဖိအားများလာနိုင်မလားပေါ့နော်။ ပြည်သူတွေကတော့ ခြံထဲမှာ လှောင်ထားတဲ့ ကြက်လိုပါပဲ။ သူတို့ ဖိအားပေးလည်းခံရမှာပဲ အခက်အခဲပေါင်းစုံကို ခါးစည်းခံနေရမှာပဲ”လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဆုပ်ကိုင်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတယ်ဆိုပြီး ဆောင်ရွက်နေပေမဲ့ မြေပြင်မှာတော့ စစ်ကောင်စီရဲ့ အထောက်အပံ့မရရှိတော့တဲ့ ပြည်သူတွေဟာ စစ်ဘေးနဲ့ ငတ်မွတ်ဘေးကြားမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့သာ အသက်ဆက်နေကြရတာပါ။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်ရဲ့ နယ်မြေအများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖော်ဆောင်နေတာကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဟာ ရခိုင်ပြည်သူတွေအပေါ် သက်ရောက်မှု မရှိတော့ဘူးလို့ သုံးသပ်မှုတွေရှိနေပါတယ်။










