
တောင်အာဖရိကနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ နိုင်ငံခြားသားမုန်းတီးရေး အကြမ်းဖက်မှု တွေကြောင့် လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာတဲ့အတွက် ဂါနာနိုင်ငံသား နောက်ထပ် ၁,၀၀၀ လောက်ကို ပြန်လည်ခေါ်ယူမယ်လို့ ဂါနာနိုင်ငံခြားရေးဝန်ကြီး ဆယ်မြူယယ် အိုကွဒ်ဇီတို အဘ်လာကွာက ဇူလိုင် ၂၇ ရက်မှာ ကြေညာပါတယ်။
ဝန်ကြီးရဲ့ ပြောကြားချက်အရ ပထမအဆင့်အနေနဲ့ စင်းလုံးငှားလေယာဉ်တွေ အသုံးပြုပြီး မိမိဆန္ဒ အလျောက် ပြန်လည်ထွက်ခွာလိုတဲ့ ဂါနာနိုင်ငံသား ၉၂၆ ယောက်ကို ဂျိုဟန်နက်စ်ဘာ့ဂ် မြို့ကနေ ပြန်လည်ခေါ်ယူခဲ့ပြီး ဒုတိယအဆင့်ကို ဇူလိုင် ၂၆ ရက်မှာ စတင်ခဲ့ကာ အဲဒီအဆင့်မှာ ဂါနာနိုင်ငံသား ၁,၀၀၀ လောက်ကို ဆက်လက်ပြန်လည်ခေါ်ယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စကို အာဖရိကသမဂ္ဂ (AU) ရဲ့ မူဘောင်အောက်မှာ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ECOWAS အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေရဲ့ ထောက်ခံချက်ကို ဂါနာအစိုးရက ရရှိထားပြီး သင့်တော်တဲ့ အစည်းအဝေးတခုမှာ ဒီတင်ပြချက်ကို တရားဝင်ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ အဘ်လာကွာက ပြောပါတယ်။
ဒီတင်ပြချက်မှာ အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေ အသက်ဆုံးရှုံးရမှုတွေ ထပ်ခါတလဲလဲ ဖြစ်ပွားနေတာ၊ တိုက်ခိုက်ခံရတာတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံရတာတွေနဲ့ အာဖရိက ညီညွတ်ရေး၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ တိုက်ကြီးအဆင့် ပေါင်းစည်းရေးဆိုင်ရာ အခြေခံမူတွေကို ခြိမ်းခြောက်နေတဲ့ အခြေအနေတွေကို ဖော်ပြထားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
အဲဒီအခြေခံမူတွေဟာ အာဖရိကညီညွတ်ရေးအဖွဲ့ (OAU) ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အခြေခံ အုတ်မြစ်တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဂါနာနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်အရ အစိုးရအနေနဲ့ အာဖရိကသမဂ္ဂနဲ့ ဆက်လက် ပူးပေါင်းပြီး တာဝန်ယူမှုရှိစေဖို့၊ အာဖရိကရွှေ့ပြောင်းနေထိုင်သူတွေကို ကာကွယ်ပေးဖို့နဲ့ နောက်ထပ် နိုင်ငံခြားသားမုန်းတီးရေး အကြမ်းဖက်မှုတွေ မဖြစ်ပွားစေဖို့ တိုက်ကြီးအဆင့် ပူးပေါင်းတုံ့ပြန်မှု တရပ် ရရှိအောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် လတ်တလော နိုင်ငံခြားသားမုန်းတီးရေး တိုက်ခိုက်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တခြားပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရတဲ့ ဂါနာနိုင်ငံသားတွေအတွက် လျော်ကြေး ရရှိစေရေး ဥပဒေရေးရာနဲ့ သံတမန်ရေးရာ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နိုင်ဖို့ တောင်းဆိုမှု မှတ်ပုံတင်စာရင်းတခုကို အစိုးရက ပြုစုနေတယ်လို့လည်း ပြောပါတယ်။
အာဖရိကတိုက်ရဲ့ စက်မှုအတိုးတက်ဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တောင်အာဖရိကဟာ ဂါနာအပြင် နိုင်ဂျီးရီးယား၊ မိုဇမ်ဘစ်နဲ့ မာလာဝီတို့လို နိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဆွဲဆောင်မှု ရှိနေတာ ဖြစ်ပါတယ်။
Source: Reuters










