
ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့က ဂျူးလူမျိုးတွေ နေထိုင်တဲ့ ရပ်ကွက်တခုမှာ ဇွန် ၂၂ ရက်က သေနတ် ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပြီး ရဲအရာရှိ တယောက်၊ အရပ်သားတယောက်နဲ့ သံသယရှိသူ တိုက်ခိုက်သူ အပါအဝင် စုစုပေါင်း လူ ၃ ယောက် သေဆုံးသွားခဲ့ပါတယ်။
အဆောက်အအုံ တခုပေါ်ကနေ သေနတ်နဲ့ ပစ်နေလို့ဆိုပြီး နိုင်ငံသားတယောက်က 911 ကို ဖုန်းဆက် တိုင်ကြားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိသွားချိန်မှာတော့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
သံသယရှိသူဟာ အဝေးပစ်လက်နက်တခုကို အသုံးပြုခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ တခြားလွတ်မြောက်နေတဲ့ သံသယရှိသူ မရှိတော့ဘူးလို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
မြို့တော်ရဲချုပ် ဖာဒီ ဒါဂါကတော့ ဒီဖြစ်ရပ်ကို "အိမ်မက်ဆိုးတခုပဲ" လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကိုတော့ ချက်ချင်း မသိရသေးပါဘူး။ ဒီပစ်ခတ်မှုဟာ ရာဇဝတ်မှုလား ဒါမှမဟုတ် အကြမ်းဖက်မှုလားဆိုတာ ပြောဖို့ စောလွန်းသေးတယ်လို့လည်း ရဲချုပ် ဒါဂါ က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဝက်စ်ဘူရီလမ်းအနီးက အဲဒီဧရိယာကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး ရဲကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ ဝိုင်းပတ်စောင့်ကြည့်ခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ဆိုးကြောင့် မွန်ထရီယယ် မြို့ခံတွေနဲ့ ကွီဘက်ပြည်နယ်သားတွေ အတော်လေး စိတ်လှုပ်ရှား တုန်လှုပ် သွားခဲ့ကြပါတယ်။
ကွီဘက်ပြည်နယ် ဝန်ကြီးချုပ် ခရစ္စတင်း ဖရဲရှတ်ကတော့ သေဆုံးသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မွန်ထရီရယ်ဟာ ဘေးကင်းလုံခြုံတဲ့ မြို့တမြို့အဖြစ် ရှိနေဆဲဖြစ်သလို ဒီအတိုင်း ဆက်ဖြစ်နေစေဖို့ အားလုံးကို ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အာမခံသွားပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ နည်းပညာအမြင့်တွေ၊ AI (ဉာဏ်ရည်တု) အခြေခံကိရိယာတွေနဲ့ ဒရုန်းတွေကို သုံးစွဲလာတဲ့ ရာဇဝတ်ဂိုဏ်းတွေကို ပြန်လည်တိုက်ဖျက်နိုင်ဖို့အတွက် ပြည်ထဲရေး လုံခြုံရေးဝန်ကြီးဌာနကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအေဂျင်စီတွေရဲ့ တုံ့ပြန် ဆောင်ရွက်မှု နည်းလမ်းတွေနဲ့ စွမ်းဆောင်ရည်မြင့် ကိရိယာတွေကို ဆက်လက် အဆင့်မြှင့် တင်သွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
Source:Reuters











