DVB Logo
Home
မြန်မာသတင်း
အာရှ-ပစိဖိတ် အလှည့်ကျဥက္ကဋ္ဌ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတွင် မိန့်ခွန်းပြော
DVB
·
September 15, 2026
Photo: UN
Photo: UN
Donate to DVB

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျင်းပတဲ့ နော်ဝေဘုရင် နတ်ရွာစံတဲ့အတွက် အောက်မေ့ဖွယ် အခမ်းအနားမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အာရှ-ပစိဖိတ်ဒေသအုပ်စုကိုယ်စား အလှည့်ကျဥက္ကဋ္ဌအဖြစ် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်မရရှိရေးအတွက် စစ်အာဏာရှင်အစိုးရက တရားစွဲဆိုထားပြီး အင်တာပိုကနေ ဖမ်းဆီးအရေးယူပေးဖို့ လုပ်နေပေမဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုကိုယ်စား အလှည့်ကျဥက္ကဋ္ဌအဖြစ် မိန့်ခွန်းပြောကြားခဲ့တာပါ။

နော်ဝေဘုရင် ပဉ္စမမြောက်ဟာရဲလ်ဒ် နတ်ရွာစံတဲ့အတွက် အောက်မေ့ဖွယ်အခမ်းအနားကို စက်တင်ဘာ ၁၄ ရက်မနက်ပိုင်းက ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျင်းပခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်ပါတယ်။

အခမ်းအနားကို ညီလာခံ သဘာပတိ H.E. Mr. Khalilur Rahman က ဖွင့်လှစ်ပေးခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမှုဆောင်ရုံးက Chef de Cabinet Mr. Courtney Rutrige က အတွင်းရေးမှူးချုပ်ကိုယ်စားတက်ရောက် အောက်မေ့ဖွယ်စကား ပြောကြားပြီး အစဉ်အလာအရ ကုလသမဂ္ဂ သက်ဆိုင်ရာဒေသအုပ်စုတွေရဲ့ အလှည့်ကျဥက္ကဋ္ဌတွေကလည်း အမှတ်တရ အောက်မေ့ဖွယ်စကားတွေ ပြောကြပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အုပ်စုကိုယ်စား မိန့်ခွန်းပြောကြားခဲ့တာပါ။

ဘုရင်ကြီးရဲ့ မင်းစံသက် ၃၅ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကတိကဝတ်ထား ကြိုးပမ်းအားထုတ်ခဲ့တာကြောင့် သူဟာ ဥရောပဒေသနယ်နိမိတ်တွေကို ကျော်လွန်ပြီး မိမိတို့ ဒေသတွင်းနိုင်ငံတွေရဲ့ နှလုံးသားကိုတောင် လှုပ်ခတ်နိုင်ခဲ့တဲ့ လေးစားဖွယ်ဘုရင်တပါး ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက မိန့်ခွန်းထဲမှာ ပြောပါတယ်။

ဘုရင်ကြီးဟာ အလွှာပေါင်းစုံပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံတာ၊ အမြဲ နှိမ့်ချဆက်ဆံတာတို့ကြောင့် ခေတ်သစ်တော်ဝင်စနစ်ကို အမျိုးသားရေးစိတ်သက်သာရာရမှုနဲ့ ကြံ့ကြံ့ခံနိုင်မှုတို့ရဲ့ တည်တံ့ခိုင်မြဲတဲ့ သင်္ကေတအဖြစ် ပြောင်းလဲပုံဖော်နိုင်ခဲ့သလို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ အပြန်အလှန် လေးစားရေးတို့အတွက် မမှိတ်မသုန်ကြိုးပမ်းခဲ့လို့ အာရှ-ပစိဖိတ်ဒေသအုပ်စုနိုင်ငံတွေက အလေးအနက် ဂုဏ်ပြုအောက်မေ့ရတယ်လို့လည်း ဆိုပါတယ်။

အာရှ-ပစိဖိတ်ဒေသအုပ်စုမှာ ကုလသမဂ္ဂအဖွဲ့ဝင် အာရှနဲ့ပစိဖိတ်ဒေသက နိုင်ငံပေါင်း ၅၅ နိုင်ငံ ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံတွေက ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျတာဝန်ယူကြရတာပါ။

Photo : Permanent Mission of Myanmar to the United Nations

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013