
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်တောင်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ အသေခံဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ပြည်သူ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ မနက် ၈ နာရီကျော်လောက်မှာ ခလရ ၄၂ တပ်နဲ့ ရွှေဘိုမြို့ တောင်ဘက် မြို့အဝင်စစ်ဆေးရေး အထိုင်ဂိတ်တို့ကနေ လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီးတဲ့နောက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဗုံးတပ်ဆင်ထားတဲ့ အသေခံဒရုန်း ၂ စင်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တာပါ။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ချမ်းသာရွာ ဘုန်းကြီးကျောင်းနဲ့ ဗိုလ်တည်းကုန်းရွာ စာသင်ကျောင်းတို့မှာ အသေခံဒရုန်းတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အောင်ချမ်းသာရွာထဲကို ဖြတ်သွားတဲ့ အသက် ၂၈ နှစ်အရွယ် ခရီးသွား အမျိုးသားတယောက်နဲ့ ဗိုလ်တည်းကုန်းရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးတော့ ဂုဏ်တန်၊ ကံသာ၊ ရေတော်မူ၊ ဝမ်စည်၊ တက်တူနဲ့ ဝါးရုံကန် စတဲ့ကျေးရွာအနီးတဝိုက် အပါအဝင် ပုဏ္ဏားကုန်းတော၊ မြစိမ်းကုန်းတောနဲ့ ပန်းတွင်းတောတိုက် စတဲ့နေရာတွေကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ကျေးရွာတွေဘက်ကို ကျရောက်ခဲ့ပြီး နေအိမ်တွေ မီးလောင်ပျက်စီးတာ၊ လူထိခိုက်မှုရှိတာတွေ ကြားရပေမဲ့ ဒေသခံတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတယောက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ ညပိုင်းကလည်း ရွှေဘိုမြို့နယ်၊ မဲတောကျေးရွာဘုန်းကြီးကျောင်းကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တစင်းက ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၃၀ အရွယ် အမျိုးသားတယောက် သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက် တို့ ဗုံးစထိမှန် ဒဏ်ရာရခဲ့ပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ရှိနေတဲ့အတွက်၊ ဒေသခံပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လေကြောင်းရန် ကာကွယ်နိုင်ဖို့ ကတုတ်ကျင်းတွေ တူးထားကြဖို့နဲ့ အမြဲသတိထား နေထိုင်ကြဖို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။










