အမေရိကန်ဘက်က လျော်ကြေးပေးတာ၊ အရေးယူပိတ်ဆို့မှုနဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ ရုပ်သိမ်းတာ အပါအဝင် တောင်းဆိုချက်တွေ ဖြည့်ဆည်းမှသာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်မယ်လို့ အီရန်က ပြောပါတယ်။
ရေလက်ကြားက ဖြတ်သန်းမဲ့ သင်္ဘောလမ်းကြောင်းသစ်တွေနဲ့ ပတ်သက်ပြီး အိုမန်နိုင်ငံနဲ့ သဘောတူညီချက်ရဖို့ နောက်ဆုံးအဆင့် ရောက်နေပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘားစ် အရက်ဂ်ချီက ဩဂုတ် ၉ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ သဘောတူညီချက်ရခဲ့ရင်တောင် အမေရိကန်က အီရန်ရဲ့ တောင်းဆိုချက်တွေ မဖြည့်ဆည်းမချင်း ရေလက်ကြားကို ဖွင့်ပေးမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။
အီရန်က တောင်းဆိုထားတဲ့ အချက်တွေထဲမှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ခဲ့တဲ့ ပျက်စီးမှုတွေအတွက် လျော်ကြေးပေးရေး၊ အရေးယူပိတ်ဆို့မှု ရုပ်သိမ်းရေးနဲ့ ရပ်ထားတဲ့ အီရန်ပိုင်ငွေတွေ ပြန်လွှတ်ပေးရေး ပါဝင်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ တိုက်ရိုက်ဆွေးနွေးနေတာ မရှိသေးဘဲ ကြားခံနိုင်ငံတွေကတဆင့် သတင်းစကားတွေ အပြန်အလှန် ပေးပို့နေတယ်လို့ အရက်ဂ်ချီက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ အီရန်နဲ့ “တစိတ်တပိုင်းပဲ ဆွေးနွေးနေပြီး အခြေအနေကို စောင့်ကြည့်နေတယ်” လို့ ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး အီရန်ကို လေကြောင်းတိုက်ခိုက်ခဲ့ အပြီးမှာ အီရန်က ကမ္ဘာ့အရေးကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတခုဖြစ်တဲ့ ဟော်မုဇ်ကို ပိတ်ဆို့ခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ ဇွန်လမှာ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပေမဲ့ ဇူလိုင်လမှာ အမေရိကန်က ပါရှန်းပင်လယ်ကွေ့က အီရန်သင်္ဘောတွေကို ထပ်မံပိတ်ဆို့ခဲ့တာကြောင့် သဘောတူညီချက် ချိုးဖောက်တယ်လို့ တီဟီရန်က စွပ်စွဲထားပါတယ်။
တဖက်မှာလည်း အီရန်မဟာမိတ်ဖြစ်တဲ့ ယီမင်နိုင်ငံအခြေစိုက် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံ ဂျာဇန်ရှိ Saudi Aramco ရေနံချက်စက်ရုံကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဩဂုတ် ၉ ရက်မှာ ကြေညာပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဆော်ဒီအာရေဗျက တူရကီ၊ ပါကစ္စတန်တို့နဲ့ ပူးတွဲကာကွယ်ရေးစာချုပ် လက်မှတ်ထိုးပြီး နှစ်ရက်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စက်ရုံမှာ မီးလောင်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆော်ဒီဘက်က ပြောပါတယ်။
ဟော်မုဇ်နဲ့ ပင်လယ်နီဘက်မှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာကြောင့် ဒေသတွင်း ရေနံသယ်ယူပို့ဆောင်ရေးနဲ့ ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် စိုးရိမ်မှုတွေ ပိုမြင့်လာပါတယ်။










