
အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်နဲ့ ဥရောပကြား သဘောထားကွဲလွဲမှုတွေ ပိုကြီးထွားလာချိန်မှာ အမေရိကန်ဟာ ဂျာမနီမှာရှိတဲ့ တပ်ဖွဲ့ဝင် ၅,၀၀၀ ကို ပြန်ရုပ်သိမ်းတော့မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က မေ ၁ ရက်မှာ ကြေညာလိုက်ပါတယ်။
ဧပြီ ၂၇ ရက်မှာ ဂျာမနီ ဝန်ကြီးချုပ်ဖရီးဒရစ်ချ်မာ့ဇ်က "၂ လကြာ အီရန်စစ်ပွဲကို အပစ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ အီရန်ဘက်က အမေရိကန်ကို စကားနဲ့ အရှက်ရအောင်လုပ်နေတယ်" လို့ ပြောဆို ခဲ့အပြီးမှာ သမ္မတထရမ့်ပ်ကလည်း တပ်ဖွဲ့ဝင်တွေ လျှော့ချမယ်လို့ ဒီအပတ်အစောပိုင်းမှာ ခြိမ်းခြောက်ခဲ့တာပါ။
ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင် ပါနဲလ်ကတော့ တပ်ရုပ်သိမ်းတဲ့လုပ်ငန်းစဉ်ကို နောက် ၆ လက နေ ၁၂ လအတွင်း အပြီးသတ်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဌာနရဲ့ အချက်အလက်တွေအရ လက်ရှိမှာ ဂျာမနီအခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင် ၃၆,၄၀၀ လောက် ရှိပါတယ်။
ဒါဟာ ဘာလင်တံတိုင်းမပြိုပျက်ခင်နဲ့ စစ်အေးတိုက်ပွဲ မပြီးဆုံးခင် ၁၉၈၅ ခုနှစ်တုန်းက အခြေစိုက် ခဲ့တဲ့ တပ်ဖွဲ့ဝင် ၂ သိန်းခွဲနဲ့ နှိုင်းယှဉ်ရင် အရေအတွက် အနည်းငယ်လောက်ပဲ ရှိပါတယ်။
Source:Reuters











