
ရုရှားက အောက်တိုဘာ ၇ ရက်မှာ ဒုံးကျည်နဲ့ ဒရုန်းလှိုင်းတွေ အပြင်းအထန် ထိုးစစ်ဆင်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ၂၅ ယောက် သေဆုံးပြီး အယောက် ၁၀၀ ဒဏ်ရာရရှိခဲ့ကာ စက်ရုံတွေနဲ့ စွမ်းအင်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
သေဆုံးသူ အများဆုံးကတော့ ယူကရိန်းမြောက်ပိုင်း ချာနီဟိဗ်ဒေသက ပရီလူးကီမြို့မှာ ဖြစ်ပြီး ရုရှားပစ်ခတ်လိုက်တဲ့ X-101 ဒုံးကျည်က ငါးထပ်တိုက် လူနေတိုက်ခန်းတွဲတခုကို တိုက်ရိုက် ထိမှန် လို့ ပြာကျသွားခဲ့ပါတယ်။
အဲဒီနေရာမှာ ကလေး ၅ ယောက် အပါအဝင် အနည်းဆုံး ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ဇလန်းစကီးက သူ့ရဲ့ ညပိုင်းမိန့်ခွန်းမှာ ထည့်သွင်း ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်နေပြီးတော့ ကလေးတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်ပြကာ ပူတင်က သူ့ကိုယ်သူ ပေးလိုက်တဲ့ မွေးနေ့လက်ဆောင်ပဲလို့လည်း ဇလန်းစကီးက ပြောပါတယ်။
ရုရှားဟာ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ ရှာဟဒ် တိုက်ခိုက်ရေးဒရုန်းတွေ ပေါင်းစပ် ပါဝင်တဲ့ အပြင်းစား တိုက်ခိုက်မှုကြီးကို လုပ်ဆောင်ခဲ့ပြီး ဒုံးကျည် ၇၀ လောက်အပြင် ရှာဟဒ်ဒရုန်း ဒါဇင်နဲ့ချီပြီး ပစ်ခတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် နေ့ဘက်မှာလည်း ရှာဟဒ်ဒရုန်းတွေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိ နေသေးတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
ရုရှားဘက်က ဒီလို အကြမ်းဖက်မှုတွေနဲ့ စစ်ရေးတင်းမာမှုကို ပိုမြှင့်တင်ဖို့ ဆက်လုပ်နေတာတွေကို ပူတင်က ဘာအပြစ်ရှိစိတ်မှ မဝင်ဘဲ ဘာနောင်တမှလည်း ရတဲ့ပုံ မရှိတာကြောင့် ကမ္ဘာ့ခေါင်းဆောင် တွေ အနေနဲ့ နှုတ်ဆိတ်နေလို့ မရတော့ပါဘူးလို့ ဇလန်းစကီးက ပြောပါတယ်။
Source: Reuters











