အစ္စရေးစစ်တပ်ဟာ ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာ အီရန်နိုင်ငံရဲ့ လုံခြုံရေးအကြီးအကဲ အလီလာရီဂျာနီကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်က မတ် ၁၇ ရက်မှာ ထုတ်ပြန်ပြောပါတယ်။
အီရန်လုံခြုံရေးအကြီးအကဲလည်းဖြစ်တဲ့ ဘာဆိချ် စစ်သွေးကြွအဖွဲ့ရဲ့ အကြီးအကဲ အလီလာရီဂျာနီ သေဆုံးပြီဖြစ်ကြောင်းကို စစ်တပ်က အကြောင်းကြားခဲ့တယ်လို့ အစ္စရေးလ်ကတ်ဇ်က ဗီဒီယိုကြေညာချက်တခုမှာ ပြောပါတယ်။
အစောပိုင်းမှာတော့ အစ္စရေးမီဒီယာတွေက လာရီဂျာနီ တိုက်ခိုက်ခံရတယ်လို့သာ သတင်းထွက်ခဲ့ပြီး သေဆုံး/ဒဏ်ရာရမှု မသေချာသေးပါဘူး။
ဒါပေမဲ့ နောက်ဆုံးရသတင်းအဖြစ် ကာကွယ်ရေးဝန်ကြီး ကတ်ဇ်က စစ်တပ်ဘက်က အတည်ပြုချက်ရပြီး လာရီဂျာနီ သေဆုံးသွားပြီလို့ အတည်ပြု ပြောကြားလာတာပါ။
အစ္စရေးစစ်ဘက်ရဲ့ အဆိုအရ လာရီဂျာနီဟာ ဖေဖော်ဝါရီ ၂၈ ရက်၊ စစ်ပွဲ ပထမဆုံးနေ့ လေကြောင်းတိုက်ခိုက်မှုအစမှာ အဓိပတိခေါင်းဆောင် ခါမေနီ ကျဆုံးပြီးနောက်ပိုင်း အသတ်ခံရတဲ့ အဆင့်အမြင့်ဆုံး ခေါင်းဆောင်တယောက် ဖြစ်လာပါတယ်။
လေကြောင်းတိုက်ခိုက်ခံရလို့ အလီလာရီဂျာနီ သေဆုံးသွားမှုနဲ့ပတ်သက်ပြီး အီရန်ဘက်ကလည်း အတည်ပြုလိုက်ပြီး ပြတ်ပြတ်သားသား လက်တုံ့ပြန်သွားမယ်လို့ အီရန်စစ်တပ် အကြီးအကဲက ပြောပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာတွေကတော့ အမေရိကန်တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန် ရေတပ်သားတွေအတွက် လာရီဂျာနီ ကိုယ်တိုင်ရေးသားထားတဲ့ ဝမ်းနည်းကြောင်းလက်မှတ်ကို ထုတ်ဖော်ပြသထားပြီး သူ့ရဲ့လက်ရှိအခြေအနေကိုတော့ ထည့်သွင်းပြောဆိုခြင်း မရှိသေးပါဘူး။
တချိန်တည်းမှာပဲ အီရန်ရဲ့ ဘာဆိချ်အင်အားစု ခေါင်းဆောင် ဂိုလမ်ရေဇာ ဆိုလေမာနီလည်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။
ဘာဆိချ်အင်အားစုဟာ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) လက်အောက်မှာရှိတဲ့ အချိန်ပိုင်း လက်နက်ကိုင်အရန်တပ်ဖွဲ့ဖြစ်ပြီး ပြည်တွင်းဆန္ဒပြမှုတွေကို ထိန်းချုပ်ရာမှာ အသုံးပြုလေ့ ရှိပါတယ်။
လက်ရှိမှာ အစ္စရေး–အမေရိကန်နဲ့ အီရန်အကြား စစ်ပွဲဟာ တတိယပတ်ထဲ ဝင်ရောက်နေပြီး လူသေဆုံးမှု ၂,၀၀၀ ကျော်ရှိနေကာ တိုက်ခိုက်မှုတွေ မပြီးဆုံးသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။
Source: Reuters










