
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ မြစ်ကျိုးရွာအနီးမှာ ငဝန်မြစ်ကမ်းဘေး တာကျိုးပေါက်ပြီး မြစ်ရေဝင်ရောက်မှု ဆိုးဝါးလာတာကြောင့် လေးမျက်နှာမြို့နယ်အတွင်းက ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ စစ်အာဏာရှင်လက်အောက်ခံ ဧရာဝတီတိုင်းအစိုးရ အဖွဲ့က ဇူလိုင် ၃၁ ရက် မနက်ပိုင်းမှာ တိုက်တွန်းထားပါတယ်။
ငဝန်မြစ်ရေ တွန်းအားကြောင့် ရေကာတာရဲ့ တာပေါင် ပေ ၂၀ လောက် မနေ့ ညပိုင်းကတည်းက ကျိုးပေါက်ခဲ့ပြီး လေးမျက်နှာမြို့က အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ တာအောက်ဘက်က ကျေးရွာတွေထဲ ရေတွေအလုံးအရင်းနဲ့ ဝင်ရောက်ခဲ့တာပါ။
ဒါကြောင့် ရေဝင်ရောက်နိုင်တဲ့ အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ စိုက်ပျိုးမြေတွေအနီး နေထိုင်ကြသူတွေ အနေနဲ့ ဘေးလွတ်ရာ ကုန်းမြင့်တွေ၊ စက်ရုံတွေ၊ ကျောင်းတွေ၊ ဓမ္မာရုံတွေနဲ့ သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းတွေကို ချက်ချင်း အရေးပေါ်ပြောင်းရွှေ့ကြဖို့ ထုတ်ပြန်ထားတာပါ။
လက်ရှိမှာတော့ ရေဝင်ရောက်နေတဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနားကျေးရွာတွေက ပြည်သူတွေ ကို မြန်မာနိုင်ငံလူမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ဒေသတွင်းက လူမှုကူညီရေး အသင်းအဖွဲ့တွေက အင်အား ၄၀၀ ကျော်နဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ဟင်္သာတခရိုင်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။
"ကယ်ဆယ်ရေးကတော့ လက်ရှိမှာ အင်အား ၄၀၀ ကျော်လောက်ရှိမယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ ကော လူမှုကူညီရေးအသင်းတွေကော။ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။”
လက်ရှိမှာ လေးမျက်နှာမြို့ထဲ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ လူတရပ် နီးပါးမြုပ်နေပြီး ဆက်လက်ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပြည်သူတွေအနေနဲ့ တန်ဖိုးရှိတဲ့ စာရွက်စာတမ်းတွေ၊ ဆေးဝါးနဲ့ အစားအစာတွေ၊ သက်ကြီးရွယ်အို တွေနဲ့ ကလေးသူငယ်တွေကို အရင်ဆုံး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားကြဖို့နဲ့ မိမိတို့အိမ်ရှိ လျှပ်စစ်မိန်းခလုတ်တွေကို ပိတ်ထားကြဖို့လည်း သက်ဆိုင်ရာက အသိပေးထား ပါတယ်။
ဒါ့အပြင် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို အချိန်မီ အကူအညီတောင်းခံကြဖို့နဲ့ စိုးရိမ်ထိတ်လန့်မှုမရှိဘဲ သက်ဆိုင်ရာရဲ့ အရေးပေါ် ညွှန်ကြားချက်တွေကို အတိအကျလိုက်နာပြီး ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ကြဖို့ လည်း ညွှန်ကြားထားပါတယ်။
လက်ရှိ ငဝန်မြစ်တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်မှုဟာ လေးမျက်နှာ မြို့နယ်အပြင် ငသိုင်းချောင်း၊ ရေကြည်၊ ဟင်္သာတစတဲ့မြို့နယ်တွေဆီကိုပါ ရိုက်ခတ်နိုင်ကြောင်း မြေပြင်မှာ ရောက်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။










