
ငဝန်မြစ်ရေကာတာကျိုးပေါက်ပြီးနောက် ဧရာဝတီတိုင်းမှာ စပါးခင်းတွေ ရေမြုပ်ပျက်စီးနေချိန် ရန်ကုန်ဆန်စျေးကွက်မှာ ဆန်စျေးတွေက တအိတ်ကို ကျပ် ၃,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ အထိ စျေးတက်လာတယ်လို့ ဆန်ရောင်းချသူတွေဆီက သိရပါတယ်။
ဆန်အမျိုးအစားအလိုက် စျေးတက်လာပေမဲ့ အရောင်းအဝယ်ကတော့အေးနေပြီး အရင်ကလောက် မရောင်းရဘူးလို့ မြောက်ဒဂုံမြိုမှ ဆန်ရောင်းချသူတယောက်က DVB ကို ပြောပါတယ်။
"ဧရာဝတီတိုင်းက စပါးခင်းတွေ ရေတက်တာကို အကြောင်းပြပြီး ဆန်စျေးက တဖြည်းဖြည်း တက်လာတာ။ ဆန်စျေးသာတက်လာတာ အရောင်းအဝယ်က အရင်လောက် မကောင်းဘူး။ အိတ်ဆွဲသမားနည်းပြီး လက်လီဝယ်စားတဲ့သူပဲများလာတယ်။”
သြဂုတ် ၁ ရက်မှ စတင်ကာ အရင်က ဆန်တအိတ်ကို ကျပ် ၈၀,၀၀၀ နဲ့ ဝယ်ယူရတဲ့ ဆန်တွေဟာ ၉၅,၀၀၀ အထိတက်သွားပြီး တအိတ်ကို ၉၅,၀၀၀ ရှိတဲ့ ဆန်အမျိုးအစားတွေမှာ တသိန်း ကျော်သွားတယ်လို့ မြောက်ဥက္ကလာပမြို့ခံရောင်းချသူတယောက်က ပြောပါတယ်။
"အရင်က ဇီယာတအိတ်ကို ကျပ် ၈၀,၀၀၀ ၊ ကျပ် ၈၅,၀၀၀ ပဲရှိတာအခု ကျပ် ၉၅,၀၀၀ ရက် ၉၀ ဆန်လည်း တအိတ်ကို ၅,၀၀၀ တက်သွားတယ်။ အရင် ၁၄၀,၀၀၀ ပဲရှိတဲ့ ဆန်ဆို အခု တအိတ် တသိန်းခွဲဖြစ်သွားပြီ ရှေ့ဆက်မတက်ဖို့ ဆုတောင်းရမယ်။”
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေကို စောင့်ကြည့်ကာ စစ်အာဏာရှင်တပ်နဲ့ ပူးပေါင်းကာ စျေးကွက်ကစား ဆန်ကုန်သည်တွေရှိတဲ့အတွက် ကုန်စျေးနှုန်း မတည်ငြိမ်တာလို့ လုပ်ငန်းရှင်တယောက်က ထောက်ပြပြောဆိုပါတယ်။
"မြန်မာနိုင်ငံရဲ့ စျေးကွက်စီးပွားရေးစနစ်ကိုက ကုန်ပစွည်းတခု စျေးတက်သွားရင် ပြန်ဖို့ မလွယ်ဘူး ဆက်ပြီး စျေးဆက်တက်ဖို့ပဲရှိတယ် သဘာဝဘေးမဖြစ်နဲ့ ဖြစ်တာနဲ့ကုန်တွေ သိုလှောင်မယ်၊ စျေးကစားမယ်၊ စစ်တပ်နဲ့ ပေါင်းပြီး အမြတ်ဆွဲတင်မယ်၊ ဧရာဝတီက ရေပြန်မကျသရွေ့ ဆန်စျေးကို ကစားနေဦးမှာပဲ။”
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ဇီယာတအိတ် ကျပ် ၉၅,၀၀၀ ၊ ရက် ၉၀ တအိတ် ၁၁၅,၀၀၀၊ ဆင်းသွယ်ရှယ် တအိတ် ၁၃၅,၀၀၀ ၊ ကျားပျံထူးရှယ်တအိတ် ၁၈၀,၀၀၀၊ မြောင်းမြ ပေါ်ဆန်းတအိတ် ၁၉၀,၀၀၀၊ ဧရာရွှေဘို ၁၉၅,၀၀၀၊ ရွှေဘိုပေါ်ဆန်းမွှေးထူးရှယ်တအိတ် ၂၅၀,၀၀၀ နဲ့ နဒီရွှေဘိုတအိတ် ၂၆၀.၀၀၀ ရှိပြီး အချိန်နဲ့အမျှ စျေးနှုန်းပြောင်းလဲနိုင်တယ်လို့ ထုတ်ပြန် ထားပါတယ်။











