
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲမှာ ရွှေတူးဖော်မှုတွေကို တားမြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အမိန့်စာထုတ်ထားပေမဲ့ စစ်ကောင်စီတပ်က ခွင့်ပြုထားလို့ ရွှေတူးဖော်မှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။
ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ရွှေတူးဖော်တာ မလုပ်ဖို့ KIO က ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ရွှေကူမြို့ပေါ် ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ စတဲ့ရပ်ကွက်တွေ အပါအဝင် ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ရွှေတူးဖော်မှုတွေကို တားမြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ရွှေကူမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်က ရွှေတူးဖော်မှုကို ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ရွှေကူဒေသခံတွေက ပြောပါတယ်။
“တူးနေကြပြီ ဟုတ်တယ်။ ရွှေကတော့ ပြန်တူးနေကြပြီ။ ကျွန်းတော်ဘုရား ပတ်ဝန်းကျင်မှာ ပြန်တူးနေကြတာ ဟုတ်တယ်။ တူးတာကတော့ လွန်ခဲ့တဲ့ရက်တွေကတည်းက ပြန်ပြီးတူးနေကြတာ ဟုတ်တယ်။ ပြီးတော့ ရွှေကူဘက်ခြမ်း ဆိုရင်လည်း ပြန်တူးဖို့ ပြင်ဆင်နေတာ အများကြီး။ တချို့ဆို နည်းနည်းပြန်စပြီး ပြန်တူးနေတာတောင် ရှိနေတယ်။ ဒါပေမဲ့ အဲဒီကျွန်းတော်ဘက်ခြမ်းမှာ သတင်းကြားတာက ဗျူဟာမှူးကို ပိုက်ဆံမပေးလို့ဆိုပြီးတော့ အခွန်မဆောင်လို့ဆိုပြီး လေယာဉ်ဝဲတာတွေတောင် ရှိတယ်။”
အဲဒီ ရွှေတူးဖော်မှုတွေကို ၂၀၂၅ ခုနှစ်ကတည်းက လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက KIO ရဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက် ရွှေတူးဖော်မှု တားမြစ်လိုက်ကြောင်း အမိန့်စာကြောင့် ရက်ပိုင်းနားခဲ့ပေမဲ့ ဖေဖော်ဝါရီ လကုန်းပိုင်းလောက်မှာပဲ ပြန်လည်တူးဖော်နေတာလို့ သိရပါတယ်။
ရွှေကူမြို့အနီးတဝိုက် ဧရာဝတီမြစ်ကြောင်းလျှောက်မှာ ရွှေမော်တော်တွေ၊ သံခွန်စက်လှေတွေနဲ့ တူးဖော်နေပြီး အခုလို မြစ်ကမ်းဘေးရွှေတူးဖော်မှုကြောင့် မြစ်ကြောင်းပျက်စီးတာ၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေကြောင့် ဒေသခံတွေ ကန့်ကွက်နေပေမဲ့ ထိရောက်မှုမရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“အခု ရွှေကူဒေသခံတွေ တော်တော်များများကလည်း ရွှေတူးတာ မြို့ပတ်ဝန်းကျင်ရော ကျွန်းတော်ဘုရားဘက်ရော တူးတာကို ဘယ်သူမှ မလိုလားကြဘူး။ အဲဒီလို မလိုလားလို့ပဲ ကျွန်းတော်ဘုရားရှိတဲ့ဘက်က ကျောင်းထိုင်ဘုန်းကြီးကတောင် စာတွေတင်တယ် ပြောတယ်။ အဲဒီကတည်းကနေ ခဏလေးတော့ ရပ်သွားတယ်။ အဲဒါကို ပြန်ပြီး တူးနေကြတယ်။ တချို့ဆိုလည်း ပြန်တူးဖို့ ပြင်ဆင်နေကြတယ်။ ဒါပေမဲ့ အခု ၁ ရက် ၂ ရက်ကတော့ ခဏနားမယ်ပေါ့နော် ကြားတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ ညှိနှိုင်းတာလား ဘာလား မပြောတတ်ဘူး။ အဲဒါနဲ့ မြေတူးနဲ့နေရာမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေက ဒီ ၁ ရက် ၂ ရက်က ခဏပြန်မယ်ပေါ့နော် အဲဒီလိုတွေ ပြောနေတာ ရှိတယ် မြို့ထဲမှာတော့။ ဒါပေမဲ့ အခု သူတို့ဘက်ကလည်း ရွှေကူဘက်ခြမ်းကရော၊ ကျွန်းတော်ဘက်ခြမ်းကရော ရွှေပြန်တူးဖို့ အားလုံးပြန်ပြင်ဆင်နေကြတာ ဟုတ်တယ်။”
ရွှေတူးဖော်မှုတွေကြောင့် မြို့ခံတွေ သုံးရေခက်ခဲတဲ့အပြင် ဆက်လက်ဆက်တူးဖော်နေမယ်ဆိုရင် မြစ်ကမ်းဘေးအနီးရှိ စိုက်ခင်းတွေ၊ အိမ်ရာတွေ ထိခိုက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ရွှေကူမြို့နယ်ထဲမှာတော့ ဧရာဝတီမြစ်ကြောင်းတလျှောက် ရွှေတူးဖော်မှုဟာ စစ်အာဏာသိမ်းနောက်ပိုင်း ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေကတည်းက စတင်ခဲ့ကြတာပါ။
၂၀၂၄၊ ၂၀၂၅ ခုနှစ်တွေက ဗန်းမော်မြို့နယ်အစပ် ရွှေကူနယ်ထဲက နောင်မိုကနေစပြီး စစ်ကိုင်းအစပ် ဘိုကုန်းကျေးရွာအထိ ရွှေကူတမြို့နယ်လုံးနီးပါးက ဧရာဝတီမြစ်ကြောင်းတလျှောက်လုံးမှာ စက်လှေ၊ သံခွန်တွေ အသုံးပြုပြီး ရွှေအလွန်အကျွံတူးဖော်ခဲ့တာကြောင့် ရွာပေါင်း ၂၀ နီးပါးလောက်က လယ်ယာစိုက်ခင်းတွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဒါကြောင့် KIO က ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကြီးတလျှောက် ရွှေတူးဖော်မှုတွေကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့ကနေစပြီး တားမြစ်လိုက်ကြောင်း အမိန့်စာထုတ်ခဲ့ပေမဲ့ တချို့လုပ်ငန်းရှင်တွေက စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ပြန်လည်တူးဖော်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကူမြို့နယ်ထဲမှာတော့ ရွှေကူမြို့ အပါအဝင် မြို့အနီးတဝိုက်ကျေးရွာတွေလောက်သာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး ကျေးရွာအများစုကိုတော့ KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပါတယ်။










