DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်တွင် မြေပြိုကျပြီး ရိုဟင်ဂျာကလေးငယ်များထပ်မံသေဆုံး၊ ၃၀ နီးပါး ပိတ်မိနေ
DVB
·
July 9, 2026
ဘင်္ဂလားဒေ့ရှ်တွင် မြေပြိုကျပြီး ရိုဟင်ဂျာကလေးငယ်များထပ်မံသေဆုံး၊ ၃၀ နီးပါး ပိတ်မိနေ
1 / 3
Photo: The Business Standard
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်၊ အူခီယာမြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် ရိုဟင်ဂျာ ကလေးငယ် ၈ ယောက် ထပ်မံ သေဆုံးပြီး အယောက် ၃၀ နီး ပိတ်မိနေကြဆဲလို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းစာတွေက ရေးကြပါတယ်။

ဇူလိုင် ၈ ရက် မွန်းလွဲ ၂ နာရီခန့်မှာ အူခီးယားမြို့နယ် အမှတ် ၅ ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ အာရဗီ စာသင်ကျောင်းပေါ် မြေပြိုကျမှု ဖြစ်ပွားခဲ့တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၈ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြကာ အယောက် ၃၀ နီးပါး ပိတ်မိနေကြဆဲလို့ သိရပါတယ်။

အဲဒီမြေပြိုကျမှုဟာ ဇူလိုင် ၈ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ အာရဗီကျောင်းအနီးက တောင်ပြိုကျ ခဲ့တာဖြစ်ပြီး ပြိုကျခဲ့ချိန်မှာ ကျောင်းသား ၄၀ နီးပါးနဲ့ ဆရာတယောက် အထဲမှာ ရှိနေခဲ့ပြီး လက်ရှိမှာ မီးသတ်ဌာနနဲ့ အရပ်ဖက် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသခံတွေနဲ့ ပူးပေါင်းပြီး အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်နေကြတယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံတွေက မီဒီယာတွေကို ပြောပါတယ်။

အခု မြေပြိုကျမှုနဲ့ ရိုဟင်ဂျာတွေ ထိခိုက်သေဆုံးမှုရှိတာကို ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ကော်မရှင်နာ မိုဟာမက် မီဇာနူရ် ရာမန်က အတည်ပြု ပြောပါတယ်။

ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက မြေစာပုံအောက်က လူ ၁၃ ယောက်ကို ဆွဲထုတ် နိုင်ခဲ့ပြီး အဲဒီအထဲမှာ ၈ ယောက်ကို အသေတွေ့ရှိခဲ့ရသလို ကျန် ၅ ယောက်ကို ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာဖြစ်ပြီး ဆေးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာရဗီကျောင်းအနီးက တောင်ကုန်းပြိုကျပြီး ကျောင်းအပေါ်မှာ မြေဇာပုံ ပိတ်မိသွားတာလို့ ဒေသ အာဏာပိုင်တွေက ဆိုပါတယ်။

ဇွန် ၆ ရက်ကလည်း ကော့ဇ်ဘဇားခရိုင်အတွင်းမှာ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မြေပြိုကျမှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၈ ယောက် သေဆုံးခဲ့ပြီး ဒေသ အာဏာပိုင်တွေဘက်က နေရာရွှေ့ပြောင်းမှုတွေ အမြန်ဆုံး ပြုလုပ်ကြဖို့ သတိပေးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ရွှေ့ပြောင်းစရာနေရာ မရှိတာကြောင့် လက်ရှိနေရာတွေမှာပဲ ဆက်လက်နေထိုင်နေကြရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးတွင်းကာလမှာ အူခီယားနဲ့ တက္ကနဖ် မြို့နယ်တွေရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မြေပြိုမှုတွေ ဟာ မကြာခဏ ကြုံတွေ့ရတဲ့ သဘာဝဘေးအန္တရာယ်တခုဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိ တာကြောင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်ရာ တောင်စောင်းတွေမှာ တည်ငြိမ်မှု လျော့နည်းလာကြတယ်လို့ သိရပါတယ်။

ကော့ဇ်ဘဇား မိုးလေဝသရုံးရဲ့ တိုင်းတာချက်တွေအရ ဇူလိုင် ၈ ရက် မနက် ၆ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ၆ နာရီအတွင်း မိုးရေချိန် ၅၁ မီလီမီတာအထိ ရွာသွန်းခဲ့ပြီး ဒေသတခုလုံး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုဒဏ်ကို ခံနေရတယ်လို့ လက်ထောက်မိုးလေဝသပညာရှင် မိုဟာမက် အဘ်ဒူလ် ဟန်နန်က ပြောပါတယ်။

Source : Dhaka Tribune၊ The Business Standard

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013