
ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ ဆော်ဒီအာရေဗျ၊ တူရကီနဲ့ ပါကစ္စတန်တို့က မက္ကာ ပူးတွဲကာကွယ်ရေးသဘောတူညီချက်ကို ပြီးခဲ့တဲ့လက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
သဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံ ၃ နိုင်ငံအနက် ဘယ်နိုင်ငံကိုမဆို လက်နက်ကိုင် တိုက်ခိုက်တာကို ၃ နိုင်ငံစလုံးကို တိုက်ခိုက်မှုအဖြစ် သတ်မှတ်မှာပါ။
ဆော်ဒီအာရေဗျအနေနဲ့ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ စစ်ရေးအကူအညီ လိုအပ်နိုင်ပြီး တူရကီအစိုးရအနေနဲ့ အကူအညီပေးဖို့ အဆင်သင့်ရှိတယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာခန်ဖှီဒန်က ပြောပါတယ်။
လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ ဒရုန်းတန်ပြန်တိုက်ခိုက်ရေးနဲ့ အီလက်ထရောနစ် စစ်ဆင်ရေး စွမ်းရည်တွေ၊ ရေဒါနဲ့ စောင့်ကြည့် ထောက်လှမ်းရေးစနစ်တွေ၊ ရေကြောင်းလုံခြုံရေး စတဲ့ ကာကွယ်ရေးကဏ္ဍဆိုင်ရာ တူရကီရဲ့ အားသာချက်တွေကို ဖှီဒန်က အရိပ်အမြွက်ပြောခဲ့ပြီး တူရကီရဲ့ ချဉ်းကပ်ပုံကို ညွှန်ပြနေခဲ့တယ်လို့ တူရကီနိုင်ငံ အစ်ဘ်န် ခါလ်ဒွန်တက္ကသိုလ်က ပါမောက္ခ အစ္စမေးလ် နူမန်တယ်လ်စီက အယ်လ်ဂျားဇီးယား သတင်းဌာနကို ပြောပါတယ်။
တူရကီအနေနဲ့ ပဋိပက္ခမှာ တိုက်ရိုက် တိုက်ခိုက်ရေးသမားအဖြစ် ပါဝင်ဆောင်ရွက်တာကို တားဆီးကန့်သတ်ထားတဲ့ အချက်တွေ အများကြီးရှိတယ်လို့လည်း သူက ပြောပါတယ်။
ဟူသီတို့ရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေက ဆော်ဒီမြို့ကြီးတွေ၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ သင်္ဘောတွေကို ပိုပစ်မှတ်ထားလာချိန်မှာ ခုလိုမှတ်ချက်တွေ ထွက်ပေါ်လာတာပါ။
ဒီတိုက်ခိုက်မှုဟာ ဖေဖော်ဝါရီလမှာ စတဲ့ အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ကြား ဒေသတွင်း ပဋိပက္ခကြီးမှာ နောက်ထပ် တိုက်ပွဲမျက်နှာစာတခုကို ဖွင့်လှစ်လိုက်သလို ဖြစ်ခဲ့တာပါ။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရချိန်မှာ ဆော်ဒီရေနံတင်ပို့မှုအတွက် အစားထိုးလမ်းကြောင်းအဖြစ် သုံးနေတဲ့ ပင်လယ်နီဒေသကို အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီတို့က သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ပိုသိမ်းပိုက်ခဲ့လို့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အထောက်အပံ့အတွက် စိုးရိမ်စရာအခြေအနေကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။











