DVB Logo
Home
မြန်မာသတင်း
ကာချုပ်နှင့် အကြီးတန်းစစ်အရာရှိများကို အီးယူသို့ ဖိတ်ကြားမှု ပိတ်ပင်
DVB
·
October 17, 2017
ကာချုပ်နှင့် အကြီးတန်းစစ်အရာရှိများကို အီးယူသို့ ဖိတ်ကြားမှု ပိတ်ပင်
Donate to DVB

မြန်မာနိုင်ငံတွင်း ရခိုင်အရေးနဲ့ ပတ်သက်လို့ စစ်တပ်က လုံခြုံရေးတပ်အင်အား အလွန်အကျွံ သုံးစွဲခဲ့တယ်ဆိုပြီး စစ်တပ် အကြီးတန်းအရာရှိတွေကို ဥရောပနိုင်ငံတွေဆီ ဖိတ်ခေါ်တာတွေ ဥရောပသမဂ္ဂ (အီးယူ) က ဆိုင်းငံ့ပိတ်ပင်လိုက်ပါတယ်။

ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်းတာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာဖြစ်ပြီး လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ပြန်လည်သုံးသပ်သွားမယ်လို့ လူဇင်ဘာ့ဂ်မြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့က ကျင်းပတဲ့ အီးယူကောင်စီက ဆုံးဖြတ်လိုက်တာပါ။

ကလေးသူငယ်တွေကို ရက်ရက်စက်စက် တိုက်ခိုက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အထောက်အထားတွေ ရရှိထားပြီး သေသေချာချာ စုံစမ်းမှုတွေ လုပ်ဆောင်ကာ ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူရမယ်လို့ အီးယူဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အပြန်အလှန် ဆက်သွယ်မှုမှာ ပါဝင်စေလိုပြီး ပြဿနာဖြစ်ရတဲ့ ရင်းမြစ်ကို ရှာဖွေကာ ဒုက္ခသည်တွေကို မူလနေရင်းဒေသတွေဆီ ပြန်လာနိုင်ဖို့ လုပ်ဆောင်စေလိုကြောင်းလည်း အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ကြတာပါ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေဟာ တိုးတက်လာခြင်းမရှိဘူး ဆိုရင်တော့ နောက်ထပ်စီမံချက်တွေကို ချမှတ်လုပ်ဆောင်သွားရမှာဖြစ်ပြီး တိုးတက်လာတယ်ဆိုရင်လည်း အီးယူအနေနဲ့  တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ အလွန်စိုးရိမ်စရာ ဖြစ်နေပြီး အိမ်တွေကို မီးရှို့တာတွေ၊ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြေမြှုပ်မိုင်းထောင်တာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ ၅ သိန်းနီးပါး ထွက်ပြေးနေကြရတယ်လို့ အချက် ၈ ချက်ပါ အီးယူရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လူဒီလောက်များများ အချိန်တိုအတွင်းမှာ ထွက်ပြေးကြရတဲ့ ဖြစ်ရပ်ဟာ လူနည်းစုတွေအပေါ် ပစ်မှတ်ထားလုပ်ဆောင်တဲ့ သင်္ကေတဖြစ်နေပြီး ဒုက္ခသည်တွေ နေရင်းဒေသတွေဆီ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့ဟာလည်း အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း စာနာမှုအကူအညီပေးရေးနဲ့ သတင်းမီဒီယာတွေ သွားရောက်သတင်းရယူခွင့်တွေကို ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် လိုအပ်ချက်တွေကို သိရှိနိုင်ဖို့နဲ့ အကူအညီပေးနိုင်ရေးတွေမှာ အပြည့်အဝ လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက်နဲ့ မြန်မာအစိုးရကို ပံ့ပိုးပေးဖို့ အီးယူအနေနဲ့ အဆင်သင့်ရှိနေတယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

အီးယူကောင်စီအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးဖို့ အရှိန်မြှင့်လုပ်ဆောင်နေပြီး ခွင့်ပြုမယ်ဆိုပါက ရခိုင်ပြည်နယ်တွင်း လှုပ်ရှားမှုတွေကို တိုးချဲ့ကူညီပေးနိုင်ဖို့နဲ့ အကူအညီ လိုအပ်နေသူတွေအတွက်လည်း အသင့်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013