
ဧရာဝတီတိုင်းကနေ ရန်ကုန်တိုင်းမှာ အလုပ်သွားလုပ်နေတဲ့ လူငယ် ၃ ယောက် ပေါ်တာဆွဲ ဖမ်းဆီးခေါ်ခံရပြီး အဆက်အသွယ်ပြတ်နေတယ်လို့ ပေါ်တာဆွဲခံရတဲ့ လူငယ်တွေရဲ့ မိသားစုတွေဆီက သိရပါတယ်။
ပေါ်တာဆွဲခံရတဲ့ လူငယ် ၃ ယောက်ဟာ အသက် ၂၁ နှစ်အရွယ် မောင်ဖိုးဇော်၊ မောင်မင်းသူ နဲ့ အသက် ၁၉ နှစ်ကျော်အရွယ် မောင်ဝေယံ တို့ဖြစ်ပြီး သြဂုတ် ၁၄ ရက် ည ၇ နာရီကျော်က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဖိနပ်ချုပ်စက်ရုံတခုကအပြန် အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
အဓမ္မပေါ်တာဆွဲခံရတဲ့ လူငယ်နဲ့ မိသားစု တော်စပ်သူတယောက်က “ပျောက်နေလို့ လိုက်ရှာနေတာ။ စက်ရုံတခုတည်း အတူအလုပ်လုပ်နေတဲ့ ကောင်လေးတွေပါ။ ပေါ်တာဆွဲခံရတဲ့ ကောင်လေးတွေ ကိုယ်တိုင် လုံခြုံရေးကို ငွေပေးဖုန်းငှားပြီး လှမ်းဆက်လို့ ပေါ်တာဆွဲခံရတာကို သိရတာ” လို့ ပြောပါတယ်။
ပေါ်တာဆွဲခံရတဲ့ လူငယ် ၃ ယောက်ဟာ မိသားစုဝင် တယောက်ဆီကို သြဂုတ် ၁၅ ရက် ညနေပိုင်းက ပေါ်တာဆွဲခံရပြီး စစ်အာဏာရှင်တပ် လုံခြုံရေးစောင့်နေတဲ့ ဂိုဒေါင်တခုထဲမှာ လက်ထိတ်ခတ် ချုပ်နှောင်ထားတယ်လို့ ဆက်သွယ်ပြောဆိုခဲ့ပေမဲ့ အတိအကျကို မသိရဘူးလို့ ဆိုပါတယ်။
အဓမ္မပေါ်တာအဆွဲခံရတဲ့ လူငယ် ၃ ယောက်ဟာ ဧရာဝတီတိုင်း၊ ငပုတာမြို့နယ်က တယောက်နဲ့ လေးမျက်နှာမြို့နယ်က ၂ ယောက်ဖြစ်ပြီး မိသားစုတွေနဲ့ သြဂုတ် ၁၆ ရက်အထိ အဆက်အသွယ် ပြတ်နေတယ်လို့ ဆိုပါတယ်။
သူတို့ဟာ ဧရာဝတီတိုင်းကနေ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က မိသားစုတွေဆီကို ပြောင်းရွှေ့အလုပ်လုပ်နေတာ ၉ လဝန်းကျင်လောက်ပဲ ရှိသေးတယ်လို့ သိရပါတယ်။
Photo: MOI











